close

ပြင်ဦးလွင်တွင် အုတ်ခဲတင်ကားမှောက်ပြီး လူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ထဲမှာ နိုဝင်ဘာ ၂၈ ရက် မနက်ပိုင်းက အုတ်ခဲတင်ကားတစီး တိမ်းမှောက်သွားရာမှာ လမ်းဘေးက နွားကျောင်းနေသူနဲ့ နွားတွေပေါ်ကိုပိမိပြီး လူ ၂ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

မနေ့မနက်က အုတ်နီခဲနဲ့ အလုပ်သမားတချို့ တင်ဆောင်လာတဲ့ ကားတစီးဟာ မတ္တရာမြို့ဘက်ကနေ ပြင်ဦးလွင်ဘက် မောင်းနှင်လာစဉ် ကျိုင်းတောင်းကျေးရွာနဲ့ သင်္ဂတုံရွာကြားမှာ မတော်တဆ ဘရိတ်ပေါက်ပြီး တိမ်းမှောက်သွားခဲ့တာပါ။

အဆိုပါအုတ်တင်တဲ့ကားဟာ လမ်းဘေးက နွားကျောင်းသားပေါ်ပိမိပြီး လူရောနွားပါ သေဆုံးသလို ကားပေါ်က အလုပ်သမားတွေလည်း သေဆုံးဒဏ်ရာရခဲ့တယ်လို့ မတော်တဆဖြစ်မှုမှာ သွားရောက်အကူအညီပေးခဲ့တဲ့ ပြင်ဦးလွင် သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“အုတ်တင်တဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ တိမ်းမှောက်သွားတာပါ။ ကားက လမ်းဘေးက နွားကျောင်းသားတယောက်နဲ့ နွားကြီးနှစ်ကောင်ပေါ် ပိကျလို့ နွားရော လူရော အဲဒီမှာ ပွဲချင်းပြီးသေသွားတယ်။ နောက်ကားပေါ်မှာ အုတ်ခဲတွေကူသယ်ဖို့ လိုက်လာတဲ့ အလုပ်သမားတွေလည်း အုတ်ခဲတွေပိလို့ အမျိုးသမီး ၁ ယောက် သေဆုံးပြီး ၃ ဦး ဒဏ်ရာရပါတယ်ခင်ဗျ။ ကားမောင်းသမားတော့ ဘာမှမဖြစ်ဘူး။”

သေဆုံးသူ နွားကျောင်းသားဟာ သင်္ဂတုံရွာသား အသက် ၃၂ နှစ်အရွယ်ရှိ ကိုစန်းမင်းသက်ဖြစ်ပြီး နောက်ထပ်သေဆုံးသူ အမျိုးသမီးကတော့ အသက် ၅၀ ကျော်ရှိပြီး အမည်နဲ့နေရပ်တော့ မသိရသေးပါဘူး။

ဒဏ်ရာရသူ ၃ ယောက်လည်း ဒဏ်ရာပြင်းထန်ပြီး ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။

သေဆုံးဒဏ်ရာရသူတွေကို သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်းနဲ့ သင်္ဂတုံရွာ ပရဟိတအသင်းက လူနာတင်ကားတွေနဲ့ ပြင်ဦးလွင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းသူတွေရဲ့ နောက်ဆက်တွဲသတင်းတော့ မသိရသေးဘူးလို့ သန္တိသုခ အခမဲ့လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up