close

ကော့ကရိတ်တွင် စစ်တပ်က လမ်းပိတ်ထားသဖြင့် ထိုင်းကုန်စည်တင်သွင်းသူများ အခက်တွေ့

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် (တောင်ပိုင်း)၊ မြောက်ကြာအင်းနဲ့ တောင်ကြာအင်းကြား ဆက်သွယ်ထားတဲ့ တံတားကို ကျုံဒိုးမြို့ ခလရ ၅၄၅၊ ၅၄၆ တပ်နဲ့ ကော့ကရိတ် စကခ ၁၂ တပ်တို့ ပူးပေါင်းပြီး ပိတ်ထားတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

အဲဒီတံတားကို ပြည်သူတွေနဲ့ ကုန်တင်ကားတွေ လုံးဝ ဖြတ်သန်းခွင့်မပေးဘဲ လုံခြုံရေး အကြောင်းပြပြီး ဒီနေ့ကစပြီး ရက်အကန့်အသက်မရှိ ပိတ်ထားတာလို့ ဆိုပါတယ်။

အဆိုပါ တံတားဟာ မြောက်ကြာအင်းကနေ တောင်ကြာအင်းအထိ သွားလို့ရပြီး စစ်ကောင်စီတပ် ပစ်မိန့်ထုတ်ထားတာကြောင့် လက်ရှိအခြေနေမှာ ဘယ်သူကမှ မသွားလာရဲကြဘူးလို့လည်း ဆိုပါတယ်။

ထိုင်းပစ္စည်း တင်သွင်းနေသူတယောက်က “ထိုင်းကတင်သွင်းလာတဲ့ ကုန်စည်တွေထဲက စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါး၊ ကုန်စည်တွေ အများအပြားပါတဲ့ ကုန်ကားတွေ ဖြစ်တယ်။ မွန်၊ ကရင်ပြည်နယ်ဘက်ကို တင်သွင်းမယ့်ကုန်တွေ ဖြစ်ပါတယ်။ အခုလို စစ်တပ်က လမ်းပိတ်တာဆိုတော့ ကုန်ပစ္စည်းပြတ်လပ်၊ ဈေးကလည်းတက်၊ လူတွေ ဒုက္ခရောက်အောင် တွန်းပို့ပေးသလို ဖြစ်နေတယ်” လို့ ပြောပါတယ်။

ထိုင်းကနေတင်သွင်းလာတဲ့ တရားမဝင်ကုန်တွေဆိုပြီး စစ်ကောင်စီတပ်ဘက်က  အကြောင်းပြချက် အမျိုးမျိုးပေးကာ ကုန်စည်တွေကို ဖမ်းဆီးသိမ်းယူတာတွေ လုပ်လာတာကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေး ကုန်စည်စီးဆင်းမှုပါ ထိခိုက်နေပါတယ်။

တောင်ကြာအင်းရဲစခန်းဂိတ်မှာ လွန်ခဲ့တဲ့တပတ်က ၄ ရက်ဆက်တိုက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က အထိအခိုက် အကျအဆုံးတွေ များပြားခဲ့ပြီး စစ်အင်အားတွေ ပိုမိုတိုးချလာတာကြောင့် တိုက်ပွဲပိုပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up