close

ထိုင်းတွင် မြန်မာအလုပ်သမားများတင်လာသည့် ကားတစီး တိမ်းမှောက်၊ ၃ ဦးသေဆုံးပြီး ၄၄ ဦး ဒဏ်ရာရ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာ့ခ်မြို့နယ်ထဲမှာ အမ်အိုယူ မြန်မာအလုပ်သမား ၄၀ ကျော် တင်ဆောင်လာတဲ့ ကားတစီး မတော်တဆ ထိခိုက်မှုဖြစ်ပြီး ၃ ဦး သေဆုံးကာ ၄၄ ဦး ဒဏ်ရာရသွားတယ်လို့ တာ့ခ်မြို့နယ် ကူညီကယ်ဆယ်ရေးအဖွဲ့ လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ထိုင်းယာဉ်မောင်း ၁ ဦး၊ စပယ်ယာ ၁ ဦးနဲ့ မြန်မာလုပ်သား ၄၅ ဦး စီးနင်းလိုက်ပါလာတဲ့ ခရီးသည်တင်ကား ၁ စီးဟာ မနေ့ နိုဝင်ဘာ ၂၉ ရက် ည ၉ နာရီကျော်က မဲဆောက်ကနေ တာ့ခ်မြို့ဘက်ကို ဦးတည်မောင်းနှင်လာစဉ် မယ်ထော့အုပ်စု ကီလိုမီတာအမှတ် ၆၈+၂၀၀ ကြား ဒွိုင်လုတ်တောင်အနီးမှာ ဘရိတ်ပေါက်သွားပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကောင် တဖက်တချက်ကို ကာရံထားတဲ့ ကွန်ကရစ်တံတိုင်းကို ဝင်တိုက်ပြီး တိမ်းမှောက်သွားတာလို့ ကယ်ဆယ်ရေးအဖွဲ့က ရေးသားဖော်ပြပါတယ်။

အဆိုပါ မတော်တဆထိခိုက်မှုကြောင့် ယာဉ်မောင်းသမား ထိုင်းလူမျိုး ၁ ဦးနဲ့ မြန်မာလုပ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဒဏ်ရာရသူ ၄၄ ဦးအနက် ၁ ဦး ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိကြောင်း၊ သေဆုံးဒဏ်ရာရသူတွေကို တာ့ခ်ခရိုင် တာ့ခ်ဆင်မဟာရတ် ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ကားမှောက်တဲ့ထဲ ပါလာသူတွေဟာ အခုမှ ထိုင်းနိုင်ငံထဲကို စပြီးဝင်လာတဲ့ အမ်အိုယူ အလုပ်သမားတွေဖြစ်ကြောင်း၊ သူတို့အနေနဲ့ လိုအပ်သလို ကူညီဆောင်ရွက်ပေးဖို့ အသင့်ရှိကြောင်း ဒီဗွီဘီကို ပြောပါတယ်။

“သူတို့က yellow down agency နဲ့လာတဲ့ အမ်အိုယူ အလုပ်သမားတွေလို့ သိရပါတယ်။ မြဝတီကနေ မနေ့မနက်က ဝင်လာတာ၊ ဘန်ကောက်ခရိုင်ထဲမှာ အလုပ်သွားလုပ်ဖို့၊ အဲဒါ ခုလိုအဖြစ်ဆိုးနဲ့ ကြုံရတယ်။ တာ့ခ်ဆေးရုံကြီးမှာဆိုတော့ နည်းနည်းဝေးလို့ သွားမကြည့်ရသေးဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ တတ်နိုင်သလောက် ကူညီဖို့ အဆင်သင့်ပါ။ လူနာအတွက် လိုအပ်တဲ့ သွေးလှူရှင်တွေ ရှာပေးဖို့နဲ့ အသုဘအတွက် အလှူငွေ ကူညီဖို့ပေါ့။ သူတို့က တရားဝင် ဝင်လာသူတွေဆိုတော့ သေဆုံးသူအတွက် ကနဦးမှာ ဥပဒေအရ နစ်နာကြေး ဘတ် ၂၀,၀၀၀ ရပြီး အာမခံကုမ္ပဏီကနေ အသက်အာမခံကြေးတွေ ရရမှာဖြစ်တယ်။ အဲဒါကတော့ ရှေ့နေနဲ့ မြန်မာအလုပ်သမား သံအရာရှိတွေ ဆောင်ရွက်ပေးရမယ့်အပိုင်းပေါ့။”

အခင်းဖြစ်တဲ့ ကီလိုမီတာအမှတ် ၆၀+၈၀ ကြားနေရာမှာ အရင်ကလည်း ယာဉ်မတော်တဆ ထိခိုက်မှု မကြာမကြာ ဖြစ်လေ့ရှိကြောင်း၊ ထိုင်းခရီးသွားတွေ ဘုရားဖူးယာဉ်တွေလည်း တိမ်းမှောက်ခဲ့ဖူးပြီး ၁ နှစ်ကို ၃-၄ ကြိမ်လောက် မတော်တဆထိခိုက်လို့ သေမင်းတမန်လမ်းလို့ ခေါ်ကြောင်း ဦးမိုးကြိုးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up