close

စစ်အုပ်စုသတ်ဖြတ်မှုကြောင့်ကျဆုံးပြည်သူ ၂၅၅၃ ဦးရှိလာ၊ ဖမ်းဆီးခံထားရဆဲ ၁၃၀၀၀ ကျော် ရှိနေ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၅၅၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၄၇၂ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၃,၀၀၂ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၅၅ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၃ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၄၄၇ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦအရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာ ၂၉ ရက်က ရှမ်းပြည်နယ်၊ လားရှိုးအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို ရာဇသတ်ကြီးပုဒ်မ ၁၂၂ နဲ့ ထောင်ဒဏ် နှစ် ၂၀ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးထွန်းထွန်းဟိန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ထောင်ဒဏ် လေးနှစ် ချမှတ်ခံထားရပြီးဖြစ်တယ်လို့ သိရပါ တယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် အကျဉ်းထောင်တွင်း အထူးတရားရုံးကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဆေးတပ်သား အမျိုးသမီး ၉ ယောက်ကို ရာဇသတ်ကြီး ပုဒ်မ ပုဒ်မ ၅၀၅−က၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဆေးတပ်သား ၉ ယောက်ကတော့ ဇမ်ဇိုးဇာမ်၊ မန်လွန်းဒိမ်း၊ ညောင်ဒွ့န့်ကျင်၊ မားလ်ဆောမ်ဒေါင်းအီး၊ လားလ်တန်လွေးအီး၊ လားလ်လွန်စန်းအီး၊ လားလ်မွမ်းကိမ်းအီး၊ ဗန်လားရွန်းအီးနဲ့ မလားလ်ပျန်းဖဲလ်အီးတို့ဖြစ်ကြပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up