လူသားချင်းစာနာမှုအကူအညီ ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ထပ်တောင်းမည်ဟု ကုလပြော

ကမ္ဘာ့ကုလသမဂ္ဂဟာ ၂၀၂၃ ခုနှစ်မှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ထပ်တောင်းမယ်လို့ ကုလသမဂ္ဂ အကူအညီပေးရေးအကြီးအကဲ မာတင် ဂရစ်ဖစ်က Reuters NEXT အခမ်းအနားမှာ နိုဝင်ဘာ ၃၀ ရက်က ပြောပါတယ်။
ဆိုမာလီယာနိုင်ငံမှာ အငတ်ဘေးကို မကြေညာသေးတာနဲ့ပတ်သက်ပြီးလည်း မာတင်ဂရစ်ဖစ်က “ဆိုမာလီယာနဲ့ အီသီယိုးပီးယားမှာ မကြာခင် ကိန်းဂဏန်းတွေ ပိုဆိုးလာလိမ့်မယ်။ လူတွေက ငတ်မွတ်ခေါင်းပါးပြီး သေလုမျောပါး ဖြစ်နေပြီ” လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံက ပင်လယ်နက်ဆိပ်ကမ်းဆီ ပိုက်လိုင်းကတဆင့် ရုရှားက အမိုးနီးယား တင်ပို့မှု ပြန်စဖို့ သဘောတူညီရေး အလွန်နီးကပ်နေပြီလို့လည်း ဂရစ်ဖစ်က ပြောပါတယ်။ သီးနှံတင်ပို့မှု သေချာစေရေးထက် အမိုးနီးယား တင်ပို့ရေးက ပိုအရေးကြီးတယ်လို့လည်း သူက အလေးပေး ပြောပါတယ်။
ရုရှားရဲ့ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာတွေ သင်္ဘောနဲ့တင်ပို့မှုကို လွယ်ကူချောမွေ့စေဖို့ဟာ ကုလသမဂ္ဂနဲ့ တူရကီတို့ ဇူလိုင်လက ကြားဝင်စေ့စပ်ပေးတဲ့ သဘောတူညီချက်တရပ်ရဲ့ အဓိကအချက်ဖြစ်ပြီး အခုလအစောပိုင်းမှာ သက်တမ်းတိုးခဲ့တဲ့ ယူကရိန်းပင်လယ်နက် စပါးတင်ပို့မှုကိုလည်း ပြန်စခဲ့ပါတယ်။
ရုရှားက ဖေဖော်ဝါရီ ၂၄ ရက်မှာ အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ဝင်ရောက်မှုကြောင့် ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းဆီ စားသောက်ကုန်တွေ တင်ပို့မှု ရပ်တန့်ခဲ့ပြီး ရုရှားကနေ အမိုးနီးယား သယ်ဆောင်တဲ့ ပိုက်လိုင်းကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ အမိုးနီးယားဟာ နိုက်ထရိတ်ဓာတ်မှာ အဓိကပါဝင်ပစ္စည်းလည်း ဖြစ်ပါတယ်။