close

“မြစ်ကွေ့” လူထုတော်လှန်ရေး စာစဉ် ၁ နှစ်ပြည့်မြောက်

မကွေးတိုင်းနေ ပြည်သူတွေ ဒေသတွင်း အသိပညာ၊ ဗဟုသုတနဲ့ အတွေးအခေါ်သစ်တွေ ရနိုင်ဖို့ ထုတ်ဝေခဲ့တဲ့ “မြစ်ကွေ့” လူထုတော်လှန်ရေးစာစဉ်ဟာ အခုဆို ၁ နှစ်ပြည့်မြောက်ခဲ့ပြီလို့ မြစ်ကွေ့စာစဥ်ရဲ့ အယ်ဒီတာတဦးဖြစ်တဲ့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

အာဏာရှင်စနစ် ခေတ်အဆက်ဆက်က နိုင်ငံကို ဖြန့်ခဲ့တဲ့ အတွေးအခေါ်ဟောင်းတွေ၊ အတွေးအခေါ်အမှားတွေကို အမြစ်ဖြတ်ဖယ်ရှားနိုင်ဖို့နဲ့ အနာဂတ်နိုင်ငံ တည်ဆောက်တဲ့နေရာမှာ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ သဘောတရားတွေ၊ အသိအမြင်တွေကို တော်လှန်ရေး ကာလကတည်းက လက်ဆင့်ကမ်း မျိုးစေ့ချနိုင်ဖို့ “မြစ်ကွေ့” စာစဥ်ကို တော်လှန်ရေးရဲဘော်တွေ စုပေါင်းလုပ်ခဲ့တာလို့ ကိုချစ်ဝင်းမောင်က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် မကွေးတိုင်းမှာ ဒေသတွင်းမီဒီယာ နည်းပါးသွားပြီး ကျန်ခဲ့တဲ့ မီဒီယာတွေအနေနဲ့ ပြည်သူလူထုရဲ့ အခက်အခဲ အကျပ်အတည်းတွေကို အသားပေးဖော်ပြတာမျိုးမဟုတ်ဘဲ နေ့စဥ် ကုန်စျေးနှုန်းနဲ့ ပွဲလမ်းသဘင်တွေကိုသာ ဖော်ပြနေတာကြောင့် ​”မြစ်ကွေ့” လူထုတော်လှန်ရေးစာစဥ်ကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

စာစဉ်မှာ တော်လှန်ရေးအတွင်း ပြည်သူတွေရဲ့ ဒုက္ခတွေ၊ ဆင်းရဲကျပ်တည်းမှုတွေ၊ တော်လှန်ရေးရဲဘော်တွေရဲ့ ခံယူချက်၊ ယုံကြည်ချက်တွေပါတဲ့ ကဗျာ၊ ဆောင်းပါး၊ ကာတွန်း၊ အက်ဆေး၊ ပေးစာ၊ တော်လှန်ရေးရဲဘော်တွေကို ပုံဖော်ထားတဲ့ တော်လှန်ရေး ကောက်ကြောင်းကဏ္ဍ၊ အနုပညာကဏ္ဍတွေနဲ့ ကလောင်စွမ်းနဲ့ တော်လှန်ထားတဲ့ တော်လှန်လက်ရာတွေ ပါဝင်တယ်လို့ ကိုချစ်ဝင်းမောင်က ပြောပါတယ်။

“မြစ်ကွေ့” စာစဥ်ဟာ အပတ်စဥ် တနင်္လာနေ့တိုင်း ထွက်ရှိပြီး အွန်လိုင်းပေါ်မှာလည်း ဖြန့်ဝေနေသလို မြေပြင်မှာဆိုရင် မကွေးတိုင်းအပြင် စစ်ကိုင်းတိုင်းနဲ့ ဒေသတချို့မှာလည်း ဖြန့်ဝေပေးနိုင်ပြီလို့ သိရပါတယ်။

“မြစ်ကွေ့” လူထုတော်လှန်ရေးစာစဥ်ရဲ့ စာဖတ်ပရိတ်သတ်တဦးက “မြစ်ကွေ့ လူထုတော်လှန်ရေးစာစဥ် ဖတ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ အဓိက သုတ၊ ရသနဲ့ အတွေးခေါ်ပိုင်းတွေကို ဦးစားပေး ဖော်ပြထားသလို မျိုးဆက်သစ်လူငယ်တွေရဲ့  စာပေစွမ်းရည်၊ ကလောင်စွမ်းရည်တွေကို ဖတ်ရှုခွင့်ရလို့ အပတ်စဥ် စောင့်ဖတ်လေ့ရှိတယ်” လို့ ပြောပါတယ်။

“မြစ်ကွေ့” စာစဉ်ဟာ ဒီဇင်ဘာ ၁ ရက်မှာ ၁ နှစ်ပြည့်ခဲ့ပြီး စာစဉ်ဖြစ်မြောက်ဖို့ ဘဏ္ဍာရေး အခက်အခဲရှိပေမဲ့ တော်လှန်ရေးနယ်မြေထဲမှာ နေထိုင်ကာ အယ်ဒီတာတွေကိုယ်တိုင် အိတ်စိုက်လုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ ကျရောက်တဲ့ “မြစ်ကွေ့” လူထုတော်လှန်ရေးစာစောင် တနှစ်ပြည့်မှာတော့ ညီနောင်တော်လှန်ရေးစာစဥ် တာဝန်ရှိသူတွေနဲ့ ရဲဘော်ရဲဘက်တွေက သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပြီး မြစ်ကွေ့-လူထုတော်လှန်ရေးစာစဥ် ဝိုင်းတော်သားတွေ အနေနဲ့လည်း တော်လှန်ရေးပန်းတိုင် ရောက်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up