အစ္စရေးသိမ်းပိုက်နယ်မြေတွင် တိုက်ပွဲဖြစ်ပြီး ပါလက်စတိုင်း ၂ ဦး သေဆုံး

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ဒီဇင်ဘာ ၁ ရက်က တိုက်ပွဲတွေဖြစ်ပွားခဲ့ရာမှာ ပါလက်စတိုင်း စစ်သွေးကြွ ၂ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းနဲ့ အစ္စရေး တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့က သေဆုံးသွားသူတွေဟာ သူ့အဖွဲ့ဝင်တွေလို့ အခိုင်အမာ ပြောကြားပြီး တစ်ယောက်က ဂျနင်းမှာရှိတဲ့ အဖွဲ့ခွဲခေါင်းဆောင်လို့ ဆိုပါတယ်။
နောက်တယောက်ကတော့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ (PA) မှာ သူ့တာဝန်ချိန်မဟုတ်တဲ့ လုံခြုံရေးအရာရှိဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အစ္စရေးစစ်တပ်က စစ်သွေးကြွလို့ သံသယရှိသူတွေကို ဖမ်းဆီးဖို့ ဂျနင်နယ်မြေကို ဝင်ရောက်စီးနင်းချိန်အတွင်း တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရလို့ ပြန်လည်ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မတ်လက အစ္စရေးမြို့ကြီးတွေမှာ ပါလက်စတိုင်းရဲ့ လမ်းပေါ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးအရ စစ်ဆင်ရေးတွေလည်း အရှိန်မြင့်လာခဲ့တာ ဖြစ်ပါတယ်။