close

ဖားကန့် ဗျူဟာကုန်းပေါ်ကို စစ်ကောင်တပ်က ရဟတ်ယာဉ်ဖြင့် လက်နက်သေတ္တာများလာချ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်ကောင်စီတပ် ဗျူဟာကုန်းပေါ်ကို စစ်ရဟတ်ယာဥ် ၂ စီး လာရောက်ခဲ့ပြီး လက်နက်သေတ္တာတွေ လာချသွားခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်းမှာ တကြိမ်နဲ့ ညနေ ၄ နာရီလောက်မှာတကြိမ် စစ်ရဟတ်ယာဥ်နဲ့ လက်နက်သေတ္တာတွေ ချသွားခဲ့တယ်လို့ ဆိုပါတယ်။

“ဒီနေ့ နေ့လယ်ပိုင်းမှာ တကြိမ်၊ ညနေ ၄ နာရီလောက်မှာ တကြိမ် လက်နက်သေတ္တာတွေ ချသွားတာ။ အရင်တုန်းကလည်း အဲ့လို လာပြီးသွားရင် ဗျူဟာကုန်းပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်သံတွေ ကြားရပြီ။ လတိုင်းလိုလိုတော့ အဲ့လို ရဟတ်ယာဥ်နဲ့ လာချသွားတာပဲ။”

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းကစပြီး ဖားကန့်မြို့နယ်က စစ်ကောင်စီဗျူဟာကုန်းတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်သံ နေ့တိုင်းလိုလိုကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ကလည်း ကောင်ဆန်ကျေးရွာအနီး သောင်းကော့ဘက်ကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါမှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဖားကန့်နယ်မြေအတွင်း စစ်အင်အားတွေဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားတာနဲ့ လုံခြုံရေးတင်းကြပ်တာတွေ ဆက်တိုက် လုပ်ဆောင်လာသလို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ လောက် သေဆုံးခဲ့ပြီး ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KIA သတင်းအရင်းအမြစ်က သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up