close

ပူတင်ကစစ်ပွဲအဆုံးသတ်ရန် ဆန္ဒရှိပါက စကားပြောရန်အဆင်သင့်ရှိဟု သမ္မတ ဘိုင်ဒင်ပြော

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သူဟာ ဗလာဒီမာပူတင်ကို ဆက်သွယ်ဖို့ အလောတကြီး အစီအစဉ်မရှိပေမဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို စိတ်ဝင်စားကြောင်း ပြသပြီး နေတိုးမဟာမိတ်တွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် ရုရှားသမ္မတနဲ့ စကားပြောဖို့ အဆင်သင့်ပဲလို့ ပြောလိုက်ပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်းနဲ့ ဆွေးနွေးအပြီး အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က ပြောသွားတာပါ။

“ဒီစစ်ပွဲကို အဆုံးသတ်ဖို့ ကျိုးကြောင်းသင့်လျော်တဲ့ နည်းလမ်းကတော့ ပူတင်ဟာ ယူကရိန်းကနေ ဆုတ်ခွာဖို့က နံပါတ် ၁ ပါပဲ။ ဒါပေမဲ့ အဲဒါကိုမလုပ်ဘဲ သူ့ရဲ့ရှုံးနိမ့်မှုအတွက် တော်တော်ကို ဆိုးဆိုးရွားရွား လုပ်ဆောင်နေပြီး ယူကရိန်းအရပ်သားတွေကို မယုံနိုင်လောက်အောင် ရက်စက်စွာ သတ်ဖြတ်တာ၊ ကလေးထိန်းကျောင်းတွေ၊ ဆေးရုံတွေ၊ ကလေးတွေရဲ့ နေအိမ်တွေကို ဗုံးခွဲတိုက်ခိုက်တာတွေ လုပ်နေတယ်။ ပူတင်ဟာ အစပိုင်းမှာ သူတွက်ချက်ထားတဲ့ ကိစ္စတိုင်းကို လွဲလွဲမှားမှားတွေ တွက်ချက်ထားပြီး ယူကရိန်းရဲ့ ရုရှားစကားပြော နယ်မြေတွေက သူ့ကို လက်ကမ်းနှုတ်ဆက်လိမ့်မယ်လို့ ထင်ထားခဲ့တာတွေက သူထင်ထားသလို ဖြစ်မလာဘူး။ ပြင်သစ်သမ္မတ ပြောတဲ့အတိုင်း ကျနော်တို့ ယူကရိန်းကို ထောက်ခံပေးရပါမယ်” လို့ ဘိုင်ဒင်က ပြောပါတယ်။

ပြင်သစ်သမ္မတကလည်း ယူကရိန်းနိုင်ငံသားတွေကို အမေရိကန်က အခိုင်အမာ ထောက်ခံမှုရှိတာဟာ ယူကရိန်းနိုင်ငံသားတွေအတွက်သာမက ဥရောပသားတွေအတွက်ပါ အလွန်အရေးကြီးတယ်လို့ ယုံကြည်ကြောင်း ပြောသွားပါတယ်။

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲက ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ခေါင်းဆောင်နှစ်ဦးက ယူကရိန်းမှာ ကျယ်ကျယ်ပြန့်ပြန့် မှတ်တမ်းတင်ထားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ထည့်သွင်းစဉ်းစားဖို့ ကတိပြုထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up