close

အလုပ်နားခံရသည့် မြန်မာနှင့်ထိုင်း အလုပ်သမား ၁၀၀ ကျော်အတွက် လျော်ကြေး ဘတ် ၁ သန်းကျော်ရ

ထိုင်းနိုင်ငံအလယ်ပိုင်း နခွန်းပထုန်ခရိုင်ရှိ  မြန်မာနဲ့ ထိုင်း အလုပ်သမားပေါင်း ၁၀၀ ကျော်အတွက် အလုပ်ကရပ်နားခံရလို့ အလုပ်ရှင်က လျော်ကြေးငွေ ဘတ် ၁ သန်းကျော်ပေးအပ်ခဲ့ပါတယ်။ 

အဆိုပါစက်ရုံဟာ နခွန်းပထုန်မြို့  လိုက်ခင်ရပ်ကွက်ရှိ NST ဆေးဆိုးပန်းရိုက်စက်ရုံဖြစ်ပြီး အလုပ် ရှင်က လုပ်ငန်းပိတ်သိမ်းကာ တခြားလုပ်ငန်းတစ်ခုပြန်စမှာမို့  အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ နို ဝင်ဘာ ၂၈ ရက်က အလုပ်မှ ရပ်နားခဲ့ရတယ်လို့  အလုပ်သမားတွေလျော်ကြေးငွေပြန်ရရေး ကူညီဆောင်ရွက်ပေးခဲ့တဲ့ AAC-မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ 

“အလုပ်ရှင်က လက်ရှိအလုပ်ကနေ ရပ်နားပြီး ဒိပြင်အလုပ်တစ်ခုပြောင်းလုပ်တယ်။ အဲဒီမှာလိုက်ပြောင်းသွားချင်လည်းရတယ်ပေါ့။  ဒါပေမဲ့ အလုပ်သမားအများစုက မလိုက်ချင်ဘူး။ ဒါကြောင့် လျော်ကြေးပေးမယ်လို့ပြောထားတယ်တဲ့၊ ထိုင်းအလုပ်သမားတွေကို အရင်ပေးပြီး မြန်မာအလုပ်သမားတွေမရသေးတော့  အလုပ်သမားတွေက မရမှာစိုးလို့ ကျနော်တို့အဖွဲ့ဆီ လှမ်းပြီးအကူအညီတောင်းပါတယ်။ ကျနော်တို့ကလည်း မနေ့တုန်းက ( ဒီဇင်ဘာ ၁ ရက် ) သက်ဆိုင်ရာအလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးကိုသွားတိုင်ပေးတယ်။ ရုံးက အလုပ်ရှင်ကို အကြောင်းကြားတော့ အလုပ်ရှင်ချက်ချင်းလိုက်လာပါတယ်။ သူလည်းပေး မလို့ပါဘဲ။ အလုပ်သမားတွေ နားလည်မှုလွဲနေတယ်ထင်တယ်လို့ပြောပြီး တခါတည်း ညှိနှိုင်းဆောင်ရွက်ပေးလိုက်တယ်ခင်ဗျ။”

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမားတွေဟာ အပြစ်မရှိဘဲ အလုပ်ရပ်နားခံရတယ်ဆိုရင် သာမန်လခအပြင် နောက်ထပ်လုပ်သက်ကိုလိုက်ပြီး နစ်နာကြေးရခွင့်ရှိကြောင်း၊ လုပ်သက် ၁ နှစ်ဆိုရင် ၁ လစာ ၁၀ နှစ်ဆိုရင် ၁၀ လစာနစ်နာကြေးရရမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

မနေ့ကတော့ လုပ်သက် ၆  လ ကနေ ၁ နှစ်မပြည့်သူအတွက် တစ်ဦးလျှင် ဘတ် ၄၅၀၀ ၊ ၂ နှစ် နဲ့ ၃ နှစ်ကြားလုပ်သက်ရှိအတွက် ၁ ဦးလျှင် ၁၉၀၀၀ ဘတ် ၊ ၃ နှစ်နဲ့ ၄ နှစ်ကြားကလူတွေအတွက် ၁ ဦးလျှင် ၃၁၀၀၀ ၊ ၄ နှစ်မှ ၅ နှစ်ကြားအတွက် ၄၃၀၀၀ ဘတ် ၊ ၆ နှစ်နဲ့ ၇ နှစ်ကြား လုပ်သက်ရှိသူအတွက် ၁ ဦးလျှင် ဘတ် ၄၅၀၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဥပဒေအတိုင်းရာနှုန်းပြည့်မရပေမဲ့ အလုပ်ရှင်က အချိန်တိုအတွင်း ချက်ချင်း ဆောင်ရွက် ပေးတာကြောင့် အလုပ်သမားတွေအားလုံး ကျေနပ်မှုရခဲ့ကြတယ်လို့ ဆိုပါတယ်။ 

အေအေစီအနေနဲ့ အလုပ်သမားအရေးတွေ လိုက်လံဆောင်ရွက်ပေးတဲ့ထဲမှာ အလုပ်ရှင်က အခုလို မြန်မြန်ဆန်ဆန် ရှောရှောရှူရှူ ညှိနှိုင်းပေးတာဟာ ကြုံတောင့်ကြုံခဲပဲလို့ AAC ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up