close

မောင်တောတွင် အေအေနှင့်ဆက်နွှယ်သူ ၁၀၀ ကျော်အား ဖမ်းဆီးရန် ခရိုင်ရဲ ညွှန်ကြား

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ ရက္ခိုင့်တပ်တော် (အေအေ)နဲ့ ပတ်သက်ဆက်နွှယ်သူ အယောက် ၁၀၀ ကျော်ကို ဖမ်းဆီးဖို့ မောင်တောခရိုင်ရဲတပ်ဖွဲ့က ညွှန်ကြားထားတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ မောင်တော ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းမှာ မောင်တောခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကိုကိုလေးက မြို့ပေါ်  ရပ်ကွက် ၆ ခုမှ အုပ်ချုပ်ရေးမှူးတွေကို  ခေါ်ယူပြီးညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

မောင်တောဒေသခံတစ်ဦးက "မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ခရိုင်ရဲတပ်ဖွဲ့မှူးက အစည်းအဝေးခေါ်ပြီး လူစာရင်းတွေပေးလိုက်တာလို့သိရတယ်ဗျ။ ရပ်ကွက်အလိုက် အေအေနဲ့ ဆက်စပ်သူတွေရဲ့ လူစာရင်းတွေလို့ ရပ်ကွက်အုပ်ချုပ်တွေက ပြောတယ်။ ရပ်ကွက်အားလုံးက လူ ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရတယ်။ အဲ့ဒီလူတွေကို ဖမ်းဆီးပေးဖို့ညွှန်ကြားတယ်တဲ့။" လို့ ပြောပါတယ်။

အေအေကို ငွေကြေးထောက်ပံ့တယ်လို့ သံသယနဲ့ လက်ရှိဖမ်းဆီးအမှုဖွင့်၊ တရားစွဲခံထားရသူတွေရဲ့ ထွက်ဆိုချက်နဲ့ မတရားစွပ်စွဲကာ နောက်ထပ်ဖမ်းဆီးမယ့် လူ ၁၀၀ ကျော်စာရင်းကို စစ်ကောင်စီက ပြုစုထားတာဖြစ်တယ်လို့ မောင်တောခရိုင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

"ဒီလူစာရင်းက ရဲမှူးဆီကို စစ်ကောင်စီတပ်ကပေးလာတာလို့သိရတယ်။ ပြောရရင် ရဲကိုဖမ်းပေးရ မယ်ပေါ့ဗျာ။ ရဲကလည်း လူတွေနဲ့ နာမည်တွေကို တွဲမသိတော့ ရပ်ကွက်အလိုက် လူစာရင်းလုပ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို ရဲမှူးကဖမ်းဆီးပေးဖို့ ညွှန်ကြားလိုက်တာ။"

စစ်ကောင်စီက ဖမ်းဆီးမယ့်သူအယောက် ၁၀၀ ကျော်ထဲမှာ အရပ်သားတွေသာမက ဌာနဆိုင်ရာဝန်ထမ်းတွေလည်း များစွာပါဝင်နေတယ်လို့ စုံစမ်းသိရပါတယ်။

နိုဝင်ဘာ၂၆ ရက်ကလည်း  မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရုံးစာရေးတယောက်ကို မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကိုကိုလေး ကိုယ်တိုင် ဦးဆောင်ပြီးဖမ်းဆီးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

ထိုအတူ ရပ်ကွက် လူနေအိမ်တချို့နဲ့ မောင်တောမြို့နယ်ပညာရေမှူးရုံးဝင်းရှိ ဝန်ထမ်းအဆောင်ကိုလည်း စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး ဖမ်းဆီးခံရသူတော့ မရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up