ခရိုအေးရှားက ဂျပန်အသင်းကိုအနိုင်ယူပြီး ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်တက်ရောက်

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ခရိုအေးရှားအသင်းက ဂျပန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်သွားပါတယ်။
ဒီနေ့ပွဲမှာ ခရိုအေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဂိုးကန်သွင်းခွင့် ပိုမိုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဦးဆောင်ဂိုးကိုတော့ ဂျပန်အသင်းက ပထမပိုင်း ပွဲကစားချိန် ၄၃ မိနစ်မှာ အသင်းခေါင်းဆောင် ရိုရှီဒါရဲ့ ပေးပို့မှုကနေ မဲ့ဒါက သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း ခရိုအေးရှားက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကစားနိုင်ခဲ့ပြီး ပွဲကစားချိန် ၅၅ မိနစ်မှာ လော့ဖ်ရန်းရဲ့ ပေးပို့မှုကနေ ပူလီဆစ်က ချေပဂိုး သွင်းယူခဲ့တာပါ။
ဒီနောက် ဒုတိယပိုင်း ပွဲကစားချိန်ပြီးဆုံးတဲ့အထိ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ခဲ့တာကြောင့် အချိန်ပို ဆက်လက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
အချိန်ပိုယှဉ်ပြိုင်ကစားရာမှာလည်း နှစ်ဖက် တပ်မံ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပင်နယ်တီကန်သွင်းရာမှာတော့ ခရိုအေးရှားအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။
ခရိုအေးရှားအသင်းဟာ ဒီဇင်ဘာ ၆ ရက် မနက် မြန်မာစံတော် ၁ နာရီခွဲယှဉ်ပြိုင်ကစားမယ့် ဘရာဇီးနဲ့ တောင်ကိုရီးယားအသင်းတို့ အနိုင်ရရှိတဲ့အသင်းနဲ့ ကွာတားဖိုင်နယ် ယှဉ်ပြိုင်ကစားရမှာပါ။