close

မွန်လူငယ်နေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၌ ကျင်းပမည်

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျရောက်တဲ့ ၁၁ ကြိမ်မြောက် မွန်လူငယ်နေ့ အခမ်းအနားကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၊ ထားဝယ်ခရိုင်၊ ဝယ်ဇင်းကျေးရွာမှာ ကျင်းပသွားမယ်လို့ မွန်လူငယ်ဆုံရပ် (MYF) က ဒီဗွီဘီကို ပြောပါတယ်။

ဒီနှစ်မှာကျရောက်မယ့် မွန်လူငယ်နေ့ကိုတော့ နိုင်ငံရေးမတည်ငြိမ်တာအပြင် လုံခြုံရေး အခြေအနေတွေကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ ကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

မွန်လူငယ်ဆုံရပ် (MYF) ပြောရေးဆိုခွင့်ရှိသူ နိုင်မြင့်စိုးက “အခမ်းအနားကို အရင်နှစ်တွေလို ကြီးကြီးကျယ်ကျယ်တော့ လုပ်သွားမှာမဟုတ်ဘူး။ အားလုံးကလည်း သွားရလာရ အခက်အခဲ ဖြစ်နေတော့ အနီးနားက လူငယ်တွေနဲ့ပဲ လုပ်သွားမယ်” လို့ ပြောပါတယ်။

မွန်လူငယ်နေ့မှာတော့ မွန်တော်လှန်ရေး စတင်လာတဲ့ သမိုင်းတွေကို လူငယ်တွေ ပိုမိုသိရှိလာဖို့နဲ့ စာပေယဉ်ကျေးမှုတွေကိုလည်း သရုပ်ဖော်ပြသတာတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မွန်လူငယ်နေ့ဟာ မွန်လူငယ်တွေအချင်းချင်းကြားမှာ စည်းလုံးညီညွတ်လာစေဖို့၊ တခြားတိုင်းရင်းသားလူငယ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပလာခဲ့တာပါ။

မွန်လူငယ်နေ့ဟာ ၁၉၄၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က မော်လမြိုင်မြို့မှာ ကျင်းပခဲ့တဲ့ မွန်လူငယ် အစည်းအဝေးနေ့ကို အစွဲပြုပြီး ၂၀၁၂ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဒီနှစ်ဆိုရင် ၁၁ ကြိမ် ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up