close

ဥရောပကော်မရှင်က ရုရှားကို ပိတ်ဆို့အရေးယူမှုအသစ် ထပ်ချ

ဥရောပကော်မရှင်ဟာ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ၉ ခုမြောက် အစီအစဉ်ကို ဒီဇင်ဘာ ၇ ရက်က အဆိုပြုခဲ့ပြီး အဲဒီအစီအစဉ်မှာ လူပုဂ္ဂိုလ်တဦးချင်းနဲ့ အဖွဲ့အစည်း ၂၀၀ နီးပါး ပါဝင်မှာဖြစ်ပြီးတော့ ရုရှားကိုလည်း ဒရုန်းတွေ ရရှိအသုံးပြုခွင့်ကိုပါ ဖြတ်တောက်မှာ ဖြစ်ပါတယ်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က အခုချိန်ထိ လုပ်ဆောင်ထားပြီးသား ပိတ်ဆို့အရေးယူမှု ၈ ခုဟာ အတော်လေးကို ခက်ခဲပင်ပန်းစရာဖြစ်ပေမဲ့ ကော်မရှင်က ရုရှားကို ဖိအားတိုးပေးနေတယ်လို့ ပြောပါတယ်။

၉ ခုမြောက် အစီအစဉ်ထဲမှာတော့ ရုရှား လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် အရာရှိတဦးချင်းနဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်းကုမ္ပဏီတွေ ပါဝင်နေတဲ့ ပိတ်ဆို့အရေးယူမှုစာရင်းထဲမှာ လူတဦးချင်းနဲ့ အဖွဲ့အစည်း ၂၀၀ နီးပါးကို ထည့်သွင်းဖို့ အဆိုပြုထားတာပါ။

ရုရှား ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးဘဏ်မှာ ငွေပေးငွေယူ အပြည့်အဝပိတ်ပင်မှု အပါအဝင် နောက်ထပ် ရုရှားဘဏ် ၃ ခုကို ပိတ်ဆို့အရေးယူဖို့လည်း အဆိုပြုထားပါတယ်။

ဒါ့အပြင် ဥရောပကော်မရှင်ဟာ ပို့ကုန်ထိန်းချုပ်မှုအသစ်တွေ၊ အဓိက ဓာတုပစ္စည်းတွေအပေါ် ကန့်သတ်ချက်တွေ၊ အာရုံကြောဆိုင်ရာ ဓာတုပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ ရုရှားက အသုံးပြုနိုင်တဲ့ အိုင်တီပစ္စည်း အစိတ်အပိုင်းတွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ အဆိုပြုခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ ရုရှားရဲ့ ဒရုန်းတွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ အသုံးပြုခွင့်ကို ဖြတ်တောက်မှာဖြစ်ပြီး ရုရှားနိုင်ငံကို ဒရုန်းအင်ဂျင်တွေ တိုက်ရိုက်တင်ပို့မှုတွေနဲ့ ရုရှားနိုင်ငံကို ဒရုန်းတွေ ထောက်ပံ့ပေးနိုင်တဲ့ အီရန်လို တတိယနိုင်ငံတွေဆီ တင်ပို့မှုတွေကို တားမြစ်ဖို့ အဆိုပြုထားကြောင်း ဗွန်ဒါလေယန်က ပြောပါတယ်။

ဥရောပသမဂ္ဂဟာ နောက်ထပ် ရုရှားရဲ့ လေကြောင်းလိုင်း ၄ ခုနဲ့ တခြား ပစ္စည်းပို့ဆောင်ဖြန့်ဖြူးရေး ပလက်ဖောင်းတွေ အားလုံးကိုလည်း ဖယ်ရှားဦးမှာပါ။

ကော်မရှင်ဟာ ရုရှားမှာ သတ္တုတူးဖော်ရေး ရင်းနှီးမြှုပ်နှံမှုအသစ်တွေ တားမြစ်မှု အပါအဝင် ရုရှား စွမ်းအင်နဲ့ သတ္တုတူးဖော်ရေးကဏ္ဍကို ဆန့်ကျင်တဲ့ စီးပွားရေးဆိုင်ရာ စီမံချက်တွေကိုလည်း တားမြစ်ဖို့ အဆိုပြုနေကြောင်း ဗွန်ဒါလေယန်က ပြောပါတယ်။

ဒီအဆိုပြုချက်ဟာ ဥရောပသမဂ္ဂ (အီးယူ) နဲ့ ဥရောပပါလီမန်တို့မှာ ကောင်စီရဲ့ သဘောတူညီချက်အရ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up