ကွန်ဂို စစ်ဘေးရှောင်စခန်းတွင် ကာလဝမ်းရောဂါ ပျံ့နှံ့နေ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ မြို့တော် ဂိုမာအပြင်ဘက်က စစ်ဘေးရှောင်ပြည်သူ ထောင်သောင်းချီပြီး နေထိုင်နေတဲ့ ယာယီစခန်းမှာ အမိုးအကာနဲ့ မိလ္လာမသန့်ရှင်းမှုကြောင့် ကာလဝမ်းရောဂါ ပျံ့နှံ့နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ ရောက်ရှိလာမှု ဒုတိယလှိုင်းနဲ့အတူ ကာလဝမ်းရောဂါဖြစ်ပွားမှု အနည်းငယ်ကို စာရင်းပြုစုထားကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နေရာအသီးသီးမှာ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားမှုတွေ ရှိနေကြောင်းနဲ့ MSF အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ကာလဝမ်းရောဂါ ဖြစ်ပွားနေကြောင်း အတည်ပြုခဲ့ပြီလို့ MSF ကာလဝမ်းရောဂါ ကုသရေးဌာန အကြီးအကဲ ဒေါက်တာ ဘီရှီကွာဘို အီရန့်ဂျ်က ပြောပါတယ်။
ဂိုမာမြို့ ဆင်ခြေဖုံးရှိ မူဂီးစခန်းမှာ ကာလဝမ်းရောဂါ ကုသရေးစင်တာအသစ်ကို အန်ဂျီအို အဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က နိုဝင်ဘာ ၂၆ ရက်ကတည်းက ဖွင့်လှစ်ထားတာဖြစ်ပြီး လက်ရှိ လူနာ ၂၅၀ ကျော်ကို လက်ခံထားကြောင်း ကာလဝမ်းရောဂါ ကုသရေးစင်တာအသစ်ရဲ့ ဒါရိုက်တာ အီရန့်ဂျ်က ဆိုပါတယ်။
စခန်းကနေလာတဲ့ လူနာအားလုံးကို မဆန့်နိုင်လို့ ပိုကြီးတဲ့ ယူနစ်တခု ဖန်တီးဖို့ တာဝန်ရှိတယ်လို့လည်း ပြောပါတယ်။
MSF မှာ ရန်ပုံငွေ အလုံအလောက်ရှိတယ်လို့ မပြောနိုင်ပေမဲ့ ဆေးဘက်ဆိုင်ရာကဏ္ဍကို ကျော်လွန်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ပမာဏ ကျန်နေပါသေးတယ်လို့လည်း ဆိုပါတယ်။
သူတို့မှာ ရေတင်ကားတွေရှိပြီး ရေဖြန့်ဖြူးရေး နေရာတွေလည်း ရှိကြောင်းနဲ့ ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အိုင်ဒီပီစခန်းတွေမှာ ယင်လုံအိမ်သာအရေအတွက်ကို ဘယ်လိုများအောင် ထားရမလဲဆိုတာ စဉ်းစားနေကြောင်းနဲ့ ဒါကိုဖြေရှင်းဖို့တော့ မတတ်နိုင်ကြောင်းလည်း ပြောသွားပါတယ်။