close

စစ်တပ် မီးရှို့ဖျက်ဆီးခံရသည့် ဒီပဲယင်း ရွာသားများကို ဆန်၊ ဆီများ လှူဒါန်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်‌ကောင်စီတပ်ဖွဲ့က လူနေအိမ် ၃,၀၀၀ ကျော် မီးရှို့ဖျက်ဆီးပြီးနောက် စစ်ဘေးမီးဘေးသင့်သူတွေကို ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အလှူခံရရှိတဲ့ ငွေသားနဲ့ အခြေခံစားသောက်ကုန်တွေ ခွဲဝေလှူဒါန်းပေးနေပါတယ်။

ပထမအကြိမ် မီးဘေးသင့် ကျေးရွာပေါင်း ၃၂ ရွာက မီးဘေးသင့်ပြည်သူတွေ ပြန်လည်တည်ဆောက်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျပ် ၃၇,၄၁၄,၇၅၄ ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပ-အ-ဖ၊ မြို့နယ်လူကယ်ပြန်က‌နေတဆင့် ပေးအပ်ခဲ့ပြီး ပြန်လည်ထူထောင်ရေးနဲ့ ယာယီနေစရာ အဆင်‌ပြေစေဖို့အတွက် ပြန်လည်တည်ဆောက်ရေး ဆောင်ရွက်ကြမယ့် စာရင်းပေးကျေးရွာတွေကို ထောက်ပံ့ ကူညီပေးသွားမယ်လို့ သိရပါတယ်။

ကျေးရွာပေါင်း ၃၂ ရွာက နေအိမ် အားလုံး ၁,၅၀၀ လောက် ပြန်လည်တည်ဆောက်ရေးတော့ ပြုလုပ်နိုင်မှာ မဟုတ်သေးဘဲ စစ်ကြောင်းအခြေအနေတွေကြောင့် ပေးအပ်ရခြင်း မရှိသေးတာလို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒုတိယအကြိမ် မီးဘေးသင့်ပြည်သူ‌တွေအတွက် စာရင်းတင်ကြရမှာ ဖြစ်ပြီး ဒီဇင်ဘာ ၁ ရက်က‌နေ ဒီဇင်ဘာ ၁၁ ရက်အထိ ထပ်မံမီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ကျေးရွာ ၁၉ ရွာက နေအိမ် ၁,၆၀၀ ကျော်အတွက် အကူအညီတွေလည်း လိုအပ်နေပါတယ်။

မြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ ပြည်သူတွေရဲ့ ထိခိုက်ပျက်စီး ဆုံးရှုံးတာတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) အဖွဲ့က မြေပြင်ဆင်းကာ စာရင်းကောက်ယူတာ အပါအဝင် ယာယီစားနပ်ရိက္ခာ စစ်ဘေးသင့် အကူအညီကိုလည်း မျှဝေပေးနေတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်အတွက် နီးစပ်ရာအလှူရှင်တွေက ဆန်အိတ်ပိုင်း (၁၂၀၊ တင်း ၁၈၀)၊ ဆီ ပိဿာ ၃၀ ထောက်ပံ့ကူညီထားတဲ့ ဆန်အိတ်တွေကို ယာယီအဆင်ပြေဖို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က စေတနာရှင်တွေကိုယ်စား တာဝန်ယူ လုပ်ကိုင်ဆောင်ရွက်‌နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“လူသားချင်းစာနာစွာ အကူအညီပေးလာတဲ့ ငွေကြေးတွေကိုလည်း ကျေးရွာအမည်နဲ့ ရောက်လာသည်ဖြစ်စေ အများအတွက်ဖြစ်စေ ထောက်ပံ့ကူညီမှု ရရှိသမျှကိုလည်း မြေပြင်ရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်တွေက ပထမအကြိမ် ထောက်ပံ့ကူညီတဲ့ ဆန်အိတ်ပိုင်းအရေအတွက် ၄၈ ပိုင်းကို မူးကမ်း၊ ဆူးတပ်နဲ့ ကိုင်းကံရွာ‌တွေကို ထောက်ပံ့ကူညီပေးခဲ့ပါတယ်” လို့ အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

အခု ထောက်ပံ့ကူညီထားတဲ့ ဆန်နဲ့ ဆီ အလှူရှင် စေတနာရှင် မိသားစုတွေကိုရော ချိတ်ဆက် အကူအညီပေးသူတွေကိုပါ မြို့နယ်ပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိပါတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က ထုတ်ဖော်ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up