ကွန်ဂိုတွင် မိုးသည်းထန်ပြီး ရေကြီး မြေပြိုမှုကြောင့် လူ ၅၀ ထက်မနည်း သေဆုံး

ကွန်ဂိုနိုင်ငံမြို့တော် ကင်ရှာဆာမှာ မိုးသည်းထန်ရွာသွန်းပြီး ရေကြီး မြေပြိုတာတွေကြောင့် လူ ၅၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့တော်ရဲချုပ် စီလ်ဗာနို ကာဆွန်ဂိုက ဒီဇင်ဘာ ၁၃ ရက်မှာ ပြောပါတယ်။
ပျက်စီးနေတဲ့ အဆောက်အအုံတွေကနေ အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းဖို့ ဒေသခံတွေက ကြိုးစားနေတာပါ။ နေအိမ်တွေဟာ ရွှံ့နွံထဲမှာ နစ်မြုပ်နေပြီး ရေတွေပြည့်လျှံနေပါတယ်။ ဒေသခံ မာမာ အူဂျေနေးက သူ့ကလေးတွေကို ရှာမတွေ့ဘဲ ခုလည်း ဘယ်သွားရမလဲ မသိဘူးလို့ ပြောပါတယ်။
ကွန်ဂိုမြစ်ကမ်းနံဘေးက တံငါရွာတွေ ဖြစ်ခဲ့ဖူးတဲ့ ကင်ရှာဆာမြို့တော်ဟာ အာဖရိကရဲ့ အကြီးဆုံး မြို့ကြီးတွေထဲက တခုဖြစ်လာပြီး လူဦးရေ ၁၅ သန်းဝန်းကျင် ရှိပါတယ်။
အာဖရိကတိုက်ကြီးက တခြားမြို့တွေမှာလိုပဲ ထိန်းညှိမှုအားနည်းပြီး အမြန် မြို့ပြအသွင် ဆောင်ခဲ့တဲ့ ကင်ရှာဆာဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် မိုးသည်းအပြီး ရုတ်တရက် ရေကြီးတာကို ခံနိုင်ရည် ပိုနည်းလာနေပါတယ်။