ယူကရိန်းတွင် မပေါက်ကွဲသေးသည့် ဗုံးနှင့် မိုင်းများကို ရှင်းလင်း

ယူကရိန်း မိုင်းတူးဖော်ရေး ကျွမ်းကျင်သူတွေဟာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ၊ ခဲယမ်းတွေ၊ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ထောင်နဲ့ချီတဲ့ တင့်ကားဖျက်မိုင်းတွေနဲ့ ပြည့်နေတဲ့ ဒွန်းနက်စ်ခ်ဒေသရှိ လယ်ကွင်းတခုကို ဒီဇင်ဘာ ၁၄ ရက်က ရှင်းလင်းခဲ့ပါတယ်။
တင့်ကားဖျက်မိုင်းတလုံးကို ဖြုတ်နေတဲ့ မိုင်းရှင်းလင်းရေး စပါယ်ရှယ်လစ် အိုလက်ခ်ဆန်ဒါရ် က “ကျနော့်တို့ဆီ အချက်အလက် ပေးပို့ထားချက်တွေအရ ဒီမှာထောင်ထားတဲ့ မိုင်း ၂,၀၀၀ ကျော်ရှိတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တုန်ခါနှုန်းကို စုံစမ်းထောက်လှမ်းနိုင်တဲ့ ဖျူ့စ်တွေ ပါရှိနေလို့ တချို့မိုင်းတွေကိုတော့ ဖြုတ်လို့မရနိုင်ဘဲ အဲဒီအစား အဝေးကနေပဲ ဖောက်ခွဲလိုက်ရကြောင်း အသက် ၅၀ အရွယ် မိုင်းစပါယ်ရှယ်လစ် ပေထရိုက ပြောပါတယ်။
မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ ဒုံးကျည်တွေဟာ စစ်မြေပြင်မှာသုံးစွဲတဲ့ အန္တရာယ်ဖြစ်စေတဲ့ တမျိုးတည်းသောပစ္စည်းတွေ မဟုတ်ဘဲ မီးလောင်ကျွမ်းနေတဲ့ စစ်လက်နက်ပစ္စည်းတွေရဲ့ အကြွင်းအကျန်တွေထဲနဲ့ အလောင်းတွေမှာ ထောင်ထားတတ်ပြီး ထိမိလိုက်တာနဲ့ ပေါက်ကွဲသွားတဲ့ ထောင်ချောက်မျိုးတွေအတွက် အထူးသတိထားရမယ်လို့ မိုင်းရှင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။
မိုင်းရှင်းကျွမ်းကျင်သူတွေဟာ အလောင်းတွေကို ကြေးနန်းကြိုးတွေနဲ့ ဆွဲထုတ်ပြီး အောက်ခြေမှာ ချိန်ကိုက်ဗုံးတွေမရှိတာ သေချာအောင် လုပ်ဆောင်ရပါတယ်။
ယူကရိန်း ဂေဟဗေဒနဲ့ သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက နိုင်ငံတွင်းက မိုင်းတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ အားလုံးကို ရှင်းလင်းသွားဖို့ အနည်းဆုံး ၁၀ နှစ်လောက် အချိန်ယူရမယ်လို့ ခန့်မှန်းထားပါတယ်။