close

ကလေးမြို့နယ်ရှိ ရာသီဥတု အအေးဒဏ်ခံနေရသည့် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပံ့ကူညီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေကို ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က ထောက်ပံ့ကူညီမှုတွေ ပေးအပ်ခဲ့သလို လစဉ်ထောက်ပံ့တာတွေလည်း ပြုလုပ်နေပါတယ်။

ကလေးမြို့နယ်ဟာ ချင်းပြည်နယ်နဲ့ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ဒေသ ဖြစ်တာမို့ တခြားမြို့တွေထက် အအေးပိုပြီး ဆောင်းဦးကာလ ရောက်လာတာနဲ့အတူ ကလေးဒေသအတွင်းရှိ စစ်ရှောင်ပြည်သူတွေရဲ့ လူသုံးကုန်ပစ္စည်း၊ စောင်၊ စားနပ်ရိက္ခာ လိုအပ်ချက်‌တွေ မြင့်တက်နေတယ်လို့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က ဆိုပါတယ်။

စစ်ဘေးရှောင်ကူညီရေးအဖွဲ့အနေနဲ့ မြေပြင်ရှိ စစ်ဘေးရှောင်ပြည်သူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေရာ ဒီတခါမှာတော့ ရေပိုက်၊ မိုးကာနဲ့ အနွေးထည်တွေ ထောက်ပံ့ကူညီပေးအပ်ခဲ့တယ်လို့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ဝင် အမျိုးသမီး တဦးက ပြောပါတယ်။

“လစဉ်ထောက်ပံ့မှုတွေကတော့ ပြုလုပ်ပေးပါတယ်။ ဒီတခေါက်ကတော့ ဆန်၊ ဆီ စားသောက်ကုန်တွေ မဟုတ်ဘဲ သောက်သုံးဖို့နဲ့ အဓိကလိုအပ်နေတဲ့ ရေပိုက်တွေ၊ မိုးကာ‌တွေ စတဲ့ပစ္စည်းအသီးသီး စုစု‌ပေါင်း ခန့်မှန်း‌ခြေတန်ဖိုး သိန်း ၂၀ ဝန်းကျင် လှူဒါန်းပေးခဲ့တာပါ။ ရေပိုက်က ပေ ၃၀,၀၀၀ လောက် လိုသေးတယ်။ အလှူငွေရတာကနေ ထပ်ဆင့် ပြန်ပြီး ဝေခွဲလှူဒါန်းပေးတာပါ။ ထပ်လှူပေးနိုင်အောင်လည်း ကြိုးစားပြင်ဆင်နေတယ်။”

မိမိတို့ အဓိကကျတဲ့အရာ‌တွေထဲက လိုအပ်နေတဲ့ ရေပိုက်တွေကို ထောက်ပံ့လှူဒါန်းပေးတာကြောင့် ပိုပြီးအဆင်ပြေသွားတယ်လို့ ကလေးနယ် စစ်ဘေးရှောင်တဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ တောတောင်‌တွေထဲမှာ နေထိုင်ကြရပြီး အများအားဖြင့် တောင်ခြေရင်းမှာ နေထိုင်ကြရတာမို့ တောင်ကျရေကို အမှီပြု သောက်သုံးနေရကာ တောင်ပေါ်ချောင်းကနေ စီးဆင်းလာတဲ့ရေကို မိမိတို့စခန်းအထိ သွယ်နိုင်ရေးအတွက် ရေပိုက်တွေ လိုအပ်နေတာလို့ ဆိုပါတယ်။

ပြည်တွင်း ပြည်ပ အနယ်နယ်အရပ်ရပ်ရှိ မိဘပြည်သူတရပ်လုံးအနေနဲ့ ကလေးဒေသရှိ စစ်ရှောင်ပြည်သူတွေအပေါ် စာနာစိတ်ရှေ့ထားကာ လူသားချင်းစာနာထောက်ပံ့မှုတွေ ပေးအပ်ကူညီကြဖို့လည်း ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၂,၀၀၀ ကျော် မီးလောင်ဆုံးရှုံးထားပြီး စစ်ကောင်စီအထိုင်ချထားတဲ့ ကျေးရွာနဲ့ နီးကပ်နေတဲ့ ရေရှင်ရွာ၊ အင်းကျွန်းရွာ စတဲ့ကျေးရွာက ဒေသခံတွေပါ စစ်‌‌ကောင်စီရဲ့ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ကလေးနယ်မှာ စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ နဲ့အထက် ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-ကလေးဒေသစစ်ရှောင်ကူညီရေးအဖွဲ့

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up