close

နျူကလီးယားထိပ်ဖူးသယ်နိုင်သည့် AGNI-5 ဒုံးကျည် အိန္ဒိယစမ်းသပ်ပစ်လွှတ်

နျူကလီးယားထိပ်ဖူးပါ ‌သယ်ဆောင်နိုင်တဲ့  AGNI-5 ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့တယ်လို့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး နယူးဒေလီအခြေစိုက် NDTV ရုပ်သံသတင်းမှာဖော်ပြပါတယ်။ 

ကီလိုမီတာ ၅၄၀၀ ကျော်က ပစ်မှတ်ကို ထိအောင်ပစ်ခတ်နိုင်တဲ့ အဆိုပါ ဒုံးကျည်ကို အိန္ဒိယနိုင်ငံအရှေ့ဘက်ရှိ ဩရိဿပြည်နယ်ကမ်းရိုးတမ်းရှိ အဗဒူလ်ခါလမ်ကျွန်းကနေ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းက စမ်းသပ်လွှတ်တင်ခဲ့တာလို့ ဆိုပါတယ်။

တရုတ်နယ်စပ်မှာ နှစ်နိုင်ငံအကြား တင်မာမှုတွေ ရှိနေချိန်မှာ အခုလို ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစပြီး   AGNI-5 ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုရဲ့ ၉ စင်းမြောက် ဒုံးကျည် ပစ်လွှတ်ခဲ့တာလို့လည်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောပါတယ်။

ဒုံးကျည်ဖြတ်သန်းသွားရာမှ ပေါ်ထွက်လာတဲ့ အလင်းတန်းတွေကို အိန္ဒိယ၊ ဘင်္ဂ‌လားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အနောက်ဘက်၊ အလယ်ပိုင်းဒေသတို့က မြင်တွေ့ခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး  AGNI - 5 ဒုံးကျည်ဟာ ဘင်္ဂလားအော်ကနေ အိန္ဒိယသမုဒ္ဒရာ ကမ်းလွန်အထိ ကီလိုမီတာ ၅,၀၀၀ ကျော် အကွာအဝေး ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ 

မကွေးဒေသခံ တဦးက "ဒီဘက်မှာ အဲဒီမနက်ပိုင်းက ငလျင်လှုပ်တယ်။ ညပိုင်းကျ အဲဒီလို ပေါ်လာတော့ မြင်တဲ့သူတွေ လန့်ကုန်ကြတယ်။ ၇ နာရီ ထိုးခါနီးလောက်က မြင်တာ။ ကြယ်ကြွေတာဆိုလည်း  အဲဒီလောက် မကြီးဘူး။ အဲ့လောက်လည်း မလင်းဘူး။ အိန္ဒိယက ဒုံးကျည်လို့လည်း ကြားပါတယ် "  လို့ ပြောပါတယ်။ 

အဆိုပါ အလင်းတန်းတဲ့ အိန္ဒိယက စမ်းသပ်ပစ်လွှတ်တဲ့ ဒုံးကျည် အမှန်တကယ် ဆက်စပ်မှုရှိ မရှိဆိုတာကတော့ အတိအကျ မသိရသေးပါဘူး။ 

အိန္ဒိယအစိုးရက ဒီဇင်ဘာလ ၁၅ ရက်မတိုင်ခင်ကတည်းက လေယာဉ်မပျံသန်းရဇုန်ကို  ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယသမုဒ္ဒရာမှာ ဒီဇင်ဘာ ၁၅ ရက်မှ  ၁၆ ရက်အတွင်း ကီလိုမီတာ ၅၄၀၀ အထိ သတ်မှတ်ထားခဲ့ပြီး တရုတ်နိုင်ငံအရှေ့ပိုင်းနဲ့ ပါကစ္စတန်ရှိ ဒေသတွေအထိ ရောက်နိုင်တဲ့စွမ်းရည်နဲ့ AGNI-5 ဒုံးကျည်အသစ်ကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။

အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်ဖို့ တရုတ်နိုင်ငံက သုတေသန ရေယာဉ် Yuan Wang 5 ကို အိန္ဒိယကမ်းလွန်၊ နိုင်ငံတကာ ရေပိုင်နက်ဆီ စေလွှတ်ခဲ့ပါသေးတယ်။

ဒုံးကျည်စမ်းသပ်မှုတွေ မလုပ်ခင်ကတည်းက ဒေသတွင်း နိုင်ငံတကာရေပိုင်နက်တွေမှာ  တရုတ်ထောက်လှမ်းရေး သင်္ဘောတွေ ပုံမှန်တွေ့ လာနေရပြီး အိန္ဒိယ- တရုတ် နယ်စပ်ရှိ နယ်နိမိတ် ပြဿနာနဲ့ အိန္ဒိယရဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ သီရိလင်္ကာနိုင်ငံတွေမှာ တရုတ်ရဲ့ ဩဇာလွှမ်းမိုးလာမှုကို တုံ့ပြန်နိုင်ဖို့  AGNI-5 ကို စမ်းသပ်လွှတ် တင်ခဲ့တာလို့ သုံးသပ်နေကြတာ ရှိပါတယ်။ 

Photo- NDTV 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up