close

မောင်တောတွင် နွားသူခိုးများသောင်းကျန်း၊ နွားခြံစောင့် ၂ ဦး ဓားခုတ်ခံရပြီး ဒဏ်ရာပြင်းထန်ရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မောရဝတီကျေးရွာက နွားခြံစောင့် ၂ ဦး ဒီဇင်ဘာ ၁၆ ရက် ဒီနေ့မနက် ၁ နာရီကျော်မှာ နွားလာခိုးသူတွေရဲ့ ဓားခုတ်ခံရပြီး ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့ ပုဇွန်ကန်နဲ့ နွားခြံပိုင်ရှင်က အတည်ပြု ပြောပါတယ်။

“မနက်အရုဏ် ၁ နာရီကျော်လောက်မှာ ဓားခုတ်ခံရတာ။ ခုတ်တဲ့လူတွေက နွားခိုးဖို့ လာကြတာ။ အရင်လည်း နွား ၄ ကောင် ပျောက်ဖူးတော့ အစောင့်ငှားထားတာ။ အစောင့်ရှိနေတော့ ခိုးမရလို့ အစောင့်တွေကို ဓားနဲ့လိုက်ခုတ်ခဲ့ကြတာ။ ဒဏ်ရာရတဲ့သူတွေကို အခု မောင်တောဆေးရုံမှာ ဆေးကုသနေတယ်။”

ဒဏ်ရာရရှိသူတွေဟာ မောရဝတီကျေးရွာမှ ဦးမဲဒုတ်နဲ့ ပန်းတောပြင်ကျေးရွာမှ ဒီလီမာမောက် တို့ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက မောရဝတီကျေးရွာက နွား ၄ ကောင်၊ အလယ်သံကျော်ကျေးရွာက ၆ ကောင်၊ သရီကုန်ဘောင်ကျေးရွာက ၃ ကောင်၊ ဥဒေါင်းကျေးရွာက ၂ ကောင် စသဖြင့် နွားတွေ ပျောက်ဆုံးနေတာဖြစ်ပြီး အဲဒီနွားတွေကို ဘင်္ဂလား‌ဒေ့ရှ်ဘက်က လှေနဲ့လာရောက်ပြီး ဒေသခံတွေနဲ့ ပူပေါင်းကာ ခိုးယူနေတာလို့ မောရဝတီ အုပ်ချုပ်ရေးမှူး ဦးလှထွန်းဦးက ပြောပါတယ်။

“ကျေးရွာတွေမှာ ဒီလို နွားတွေ ပျောက်ပျောက်နေတာ ကြာနေပြီဗျ။ ဘင်္ဂလားဘက်က လူတွေနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်စားနေကြတာ။ လှေနဲ့ မြစ်ကမ်းကိုကပ်လာပြီး ခိုးထားတဲ့ နွားတွေကို တင်သွားကြတာ။ သက်ဆိုင်ရာတွေကိုလည်း အကြောင်းကြား တိုင်ထားတာတွေ ရှိတယ်။ သူတို့ ဘယ်လိုဆောင်ရွက်မလဲတော့ မသိဘူး။”

မောင်တောမြို့နယ်တောင်ပိုင်း မောင်တော-အငူမော်လမ်းတလျှောက် ကျေးရွာတွေဖြစ်တဲ့ ဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ သရီကုန်ဘောင်၊ ရွှေဗဟို၊ ကိုင်းကြီး၊ မောရဝတီ၊ ဥဒေါင်း၊ အင်းဒင်၊ ရှိန်ခါလီ၊ ကိုးတန်ကောက် စတဲ့ ကျေးရွာတွေဟာ နွားမွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြတဲ့ ကျေးရွာတွေဖြစ်ပြီး ဒေသခံ နွားသူခိုးတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ ချိတ်ဆက်ပြီး နွားတွေ ခိုးယူနေတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up