သတိလစ်မေ့မြောသွားသည့် ထိုင်းဘုရင့်သမီးတော်အတွက် ဆုတောင်းပေးရန် နန်းတွင်းသံဃာ့ နာယကအဖွဲ့မိန့်ကြား

သတိလစ်မေ့မြောသွားတဲ့ ထိုင်းဘုရင့်သမီးတော် ပြန်လည်နေကောင်းကျန်းမာစေဖို့ ထိုင်းနိုင်ငံတဝန်း ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးရှိ သံဃာတော်တွေအနေနဲ့ နေ့စဉ် ဝတ်ပြုဆုတောင်းရွတ်ဖတ်သရဇ္စျယ်ကြဖို့ နန်းတွင်း သံဃာ့နာယကအဖွဲ့က မိန့်ကြားထားပါတယ်။
ဒါ့အပြင် ထိုင်းအမျိုးသား ကြည်းရေလေတပ်ဖွဲ့တွေကလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ညမှာ ဆု တောင်း မေတ္တာပို့ခဲ့ကြပါတယ်။
လက်ရှိထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ သမီးတော်တပါးဖြစ်တဲ့ ဖတ်ချ်ရကီသီယာဖားဟာ ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ပတ် ချောင့်မြို့နယ်ရှိ ထိုင်းတော်ဝင်တပ်မတော်လေ့ကျင့်ရေးစခန်းတစ်ခုမှာ ခွေးလိမ္မာလေ့ကျင့်ရင်း ရုတ်တရက် သတိလစ်မေ့မျောသွားခဲ့တယ်လို့ ထိုင်းတော်ဝင်ပြန်တမ်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
သမီးတော်ဟာ ဒီဇင်ဘာ ၁၀ ရက်မှ ၁၉ ရက်နေ့ထိ နိုင်ငံတကာအဆင့် ခွေးလိမ္မာပြိုင်ပွဲ အတွက် လေ့ကျင့်နေစဉ် ရုတ်တရက်သတိမေ့လဲကျသွားတာလို့ ဆိုပါတယ်။
သမီးတော်ကို ပတ်ချောင့်ဆေးရုံမှာ ရှေးဦးသူနာပြုစုပြီး အနည်းငယ်သက်သာလာတော့ ဘန် ကောက် ထိုင်းကြက်ခြေနီအသင်း ကျူလာလောင်ကွန်းဆေးရုံကြီးမှာ အနီးကပ်ပြုစုစောင့် ရှောက် နေတယ်လို့ ဆိုပါတယ်။
မနေ့က ထိုင်းဘုရင်ကြီးနဲ့မိဖုရားဟာ သမီးတော်ကို သွားရောက်ကြည့်ရှုအားပေးခဲ့သလို ထိုင်းဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချားလည်း ဒီဇင်ဘာ ၁၆ ရက်မှာ သွားရောက်ကြည့်ရှုအားပေးဖို့ရှိနေပါတယ်။
ဘန်ကောက်နေ တိုင်းသူပြည်သားတွေအနေနဲ့ သမီးတော်ကုသမှုခံယူနေတဲ့ ကျူလာလောင်ကွန်း ဆေးရုံ ဖူမိဆီရီမင်ဂလာအဆောင် ပထမထပ်ရှေ့မှာ ဒီဇင်ဘာ ၁၆ ရက်ကစလို့ နေ့စဉ် မနက် ၈ နာရီမှ ညနေ ၄ နာရီထိ လာရောက်ကာ ဆုတောင်းမေတ္တာပို့သခြင်းပြုလုပ်နိုင်တယ်လို့ ကျူလာလောင်ကွန်းဆေးရုံက ကြေညာထားပါတယ်။
သမီးတော် ဖတ်ချ်ရကီသီယာဖားဟာ လက်ရှိထိုင်းဘုရင်ကြီးရဲ့ ပထမဆုံးမိဖုရားက မွေးဖွားတဲ့ သမီးတော်ဖြစ်ပြီး ဒီနှစ်ထဲမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ပါတယ်။