close

ကော့ကရိတ် ခလရ ၂၃၁ တပ်ရင်းကို KNLA ပူးပေါင်းတပ်များ တိုက်ခိုက်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တံတားကျိုးကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ ခလရ ၂၃၁ တပ်ရင်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်မှာ ဝင်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNLA တပ်မှူးတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၂၃၁ တပ်ရင်းဟာ ဘားအံ-ကော့ကရိတ်သွားကားလမ်း (နတ်စင်ကွေ့) ဘေးမှာ တည်ရှိပြီး အခြေချစကခ ၁၂ နဲ့ အနီးကပ်ဆုံး တပ်ရင်းတခုဖြစ်သလို လက်ရှိမှာ အဖွဲ့စုံနဲ့ စုပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး ခရီးသွားယာဉ်တွေ၊ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့နေရာ ဖြစ်ပါတယ်။

KNLA တပ်မှူး စောကျော်သက်က “တိုက်ပွဲဖြစ်တာမှန်တယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး။ စစ်ကောင်စီဘက်က အခြေအနေလည်း မသိရသေးဘူ။ အခုလက်ရှိ တိုက်ပွဲက ဖြစ်နေတုန်းပဲ” လို့ ပြောပါတယ်။

ဒေသခံစစ်မှုထမ်းဟောင်းတဦးက “၂၃၁ တပ်ရင်းကို ဝင်စီးတာ။ အယောက် ၃၀၀ လောက် တပ်ရင်းကိုဝင်စီးတာ။ လက်နက်တွေပါသွားတယ်လို့ ကြားတယ်။ ၂၃၁ တပ်ရင်းက ဗိုလ်ကြီးနေလင်းထွန်း တယောက်ကျတယ်။ ရဲမေ ၄ ယောက် ကျတယ်ကြားတယ်” လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ ဒီဗွီဘီက သီးခြား အတည်မပြုနိုင်သေးသလို တိုက်ပွဲအတွင်း နှစ်ဖက် လက်နက်ကြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး မနက် ၇ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အနီးအနားကျေးရွာက ဒေသခံ ပြည်သူတဦးက ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေကြောင့် လမ်းပိတ်နေပြီး ရာနဲ့ချီတဲ့ ခရီးသွားယာဉ်တွေနဲ့ ကုန်တင်ကားတွေဟာ ကျုံဒိုးမြို့နဲ့ ကိုးတိုင်လမ်းခွဲတွေမှာ ရပ်နားထားရပါတယ်။

ဒီနေ့မနက် ၅ နာရီကျော်လောက်ကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုင်တိုင်အမှတ် ၁၄၅ ကီလိုမီတာနဲ့ ၁၄၆ ကီလိုမီတာအကြား တောနော်ရေတံခွန်အနီး အရင်မိုင်းခွဲခံထားတဲ့ တံတားနေရာမှာ ထပ်မံပြီး မိုင်းခွဲခံခဲ့ရပါတယ်။

ကော့ကရိတ်-မြဝတီလမ်းဟောင်း (ကားလမ်းဘေး) အနီး ခရိုင်ရဲတပ်ဖွဲ့စခန်းနဲ့ မြို့တွင်းက ကော့ကရိတ်မြို့မရဲစခန်းကို ဩဂုတ် ၁၅ ရက် မနက်ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲမှူးအပါအဝင် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up