close

ရေစကြို နွေဦးကံ့ကော် ပရဟိတဆေးခန်းတွင် ဆရာဝန်နှင့် ဆေးဝါးအကူအညီ လိုအပ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် နွေဦးကံ့ကော် ပရဟိတဆေးခန်းမှာ  ​တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေးကို နေ့စဥ် အခမဲ့ စမ်းသပ်ကုသပေးနေပြီး ဆေးဝါးနဲ့ ရန်ပုံငွေတွေ အကူအညီ လိုအပ်နေတယ်လို့ ဆေးခန်း တာဝန်ခံ Crane က ဒီဗွီဘီကို ပြောပါတယ်။

အရင်ကတော့ တခြားမြို့နယ်က ဆရာဝန်တယောက် တပတ်တခါ လာထိုင်ပေးပေမဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ဆရာဝန်မရှိတာ ၄ လကျော်လောက် ရှိနေပြီး လက်ရှိအချိန်မှာတော့ သူနာပြုတွေ၊ ကျန်းမာရေးကြီးကြပ်-၂ စေတနာ့ဝန်ထမ်းတွေနဲ့ လည်ပတ်အောင် လုပ်ဆောင်နေရတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့ ရဲဘော်တွေကိုလည်း အတွင်းလူနာအဖြစ် ၂၄ နာရီ အခမဲ့စောင့်ကြည့် ကုသပေးနေသလို တချို့ဒဏ်ရာရ လူနာတွေကတော့ ဆရာဝန်ရှိတဲ့ နေရာတွေကို လွှဲပြောင်းပေးရလို့ လမ်းခရီးမှာလည်း အခက်အခဲတွေ ကြုံတွေ့ရတယ်လို့ Crane က ပြောပါတယ်။

“NUG ၊ MOH က ဆေးခန်းအတွက် သိန်း ၃၀ ကျပ်နဲ့ ကျောင်းကျန်းမာရေးအတွက် ကျပ် ၄၂ သိန်း တရားဝင်ချပေးထားပြီး ကျောင်းသားကျောင်းသူနဲ့ ဆရာ ဆရာမ အရေအတွက် ၁,၇၀၀ စာရင်းပေးထားပေမဲ့ ကျမတို့ စစ်ဆေးကုသပေးခဲ့တာ ၂,၀၀၀ ကျော်လောက်ရှိပြီး နောက်ထပ်လည်း ၈,၀၀၀ ကျော်လောက် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမှာ ဖြစ်တာကြောင့် ရန်ပုံငွေမလုံလောက်လို့ ကျောင်းကျန်းမာရေးကို ရပ်နားထားရတယ်။”

ဆေးဝါးသယ်ယူတဲ့နေရာမှာလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ဖမ်းဆီးခံရတာတွေ ရှိပြီး ခက်ခက်ခဲခဲ သယ်ယူခဲ့ကြရသလို ဆေးဝါးစျေးနှုန်းတွေလည်း မြင့်တက်နေတယ်လို့ ဆိုပါတယ်။

နွေဦးကံ့ကော် ပရဟိတဆေးခန်းကို ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ သူနာပြုဆရာမ သုံးယောက်၊ ကြီးကြပ်-၂ သုံးယောက်နဲ့ စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူတွေ ထောက်ပံ့လှူဒါန်းတဲ့ ငွေကြေးနဲ့ ရပ်တည်နေရတာဖြစ်လို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ မိမိတို့ တတ်နိုင်သရွေ့ ထောက်ပံ့လှူဒါန်းပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up