မက်ဆီ-အမ်ဘာပေး အားပြိုင်မှုနဲ့ အာဂျင်တီးနား-ပြင်သစ် ဗိုလ်လုပွဲ

နိုဝင်ဘာ ၂၀ မှာစတင်ခဲ့တဲ့ ကာတာကမ္ဘာ့ဖလားရဲ့ ဇာတ်သိမ်းခန်းဟာ ဒီနေ့ ဒီဇင်ဘာ ၁၈ မှာ ရောက်ရှိလို့လာခဲ့ပါပြီ။ မှန်းဆချက်အမျိုးမျိုးနဲ့ တာထွက်လာခဲ့တဲ့ ပြိုင်ပွဲဟာ နောက်ဆုံးမှာ အာဂျင်တီးနား-ပြင်သစ်ဆိုတဲ့ ဇာတ်လိုက် နှစ်သင်းရဲ့ အားပြိုင်မှုနဲ့ ကမ္ဘာ့ဖလားသရဖူကို ဘယ်သူကိုင်မြှောက်သွားမလဲ ဒီနေ့ည မြင်တွေ့ရပါတော့မယ်။
လူ့ဘဝရဲ့ မသေချာတဲ့ အနာဂတ်လိုပဲ ကိုယ်ဖြစ်ချင်တာတွေကို အိပ်မက် မက်ခဲ့ကြပေမယ့်လည်း အိပ်မက်အတိုင်း တစ်ထပ်တည်းတော့ ဖြစ်မလာခဲ့ပါဘူး။ ဒီပြိုင်ပွဲမှာ ရေပန်းအစားဆုံးအသင်းဟာ ဘရာဇီးပါ။ ဘရာဇီးဟာ ကွာတားဖိုင်နယ်မှာ ခရိုအေးရှားကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရတယ်။ ပြိုင်ပွဲမတိုင်မီကတော့ ဂျာမနီလား၊ စပိန်လား၊ အင်္ဂလန်လား၊ ပြင်သစ်လား၊ အာဂျင်တီးနားလား အမျိုးမျိုး မှန်းဆခဲ့ကြပေမယ့် နောက်ဆုံး တွေ့ခဲ့ကြတာက အာဂျင်တီးနား- ပြင်သစ်ပါ။ ခု စာရေးနေချိန်အထိ ဘယ်သူချန်ပီယံဖြစ်မလဲ တပ်အပ် မပြောနိုင်သေးပါဘူး။ ဘဝရဲ့ အနာဂတ်ကို တပ်အပ်မပြောနိုင်သလိုပဲ ဒီဗိုလ်လုပွဲရဲ့ အဖြေဟာလည်း နောက်ဆုံး ခရာမှုတ်ပြီးမှသာ ဘယ်သူ ချန်ပီယံဖြစ်မယ်ဆိုတာ သိကြရမှာပါ။
နှစ်သင်းစလုံးရဲ့ ပြီးခဲ့တဲ့မှတ်တမ်းတွေကို ကြည့်တဲ့အခါ အာဂျင်တီးနားက (၁၉၇၈၊ ၁၉၈၆) နှစ်ကြိမ် ဗိုလ်စွဲဖူးတယ်။ ၁၉၈၆ (လွန်ခဲ့တဲ့ ၃၆နှစ်) မာရာဒိုနာတို့ ခေတ်က နောက်ဆုံးပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ နောက်ဆုံးရောက်ခဲ့ပေမယ့် ဂျာမနီကို ရှုံးလို့ ဒုတိယ နဲ့ပဲ ကျေနပ်လိုက်ရတယ်။
ပြင်သစ်က (၁၉၉၈၊ ၂၀၁၈) နှစ်ကြိမ် ဗိုလ်စွဲထားတယ်။ ဘားသက်ဇ်၊ ဇီဒန်း၊ အွန်နရီ၊ ပီရက်စ်၊ ဒက်ဆယ်လီ၊ ဒေးရွှန့်၊ ဘလန့်၊ ဗီအယ်ရာစတဲ့ ကစားသမားများနဲ့ ၁၉၉၈ တုန်းက ပြင်သစ်ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့အပြီး လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာတော့ လိုရစ်၊ ဗာရနီ၊ ဂျီရူး၊ အမ်ဘာပေး၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မင်း၊ လူးကပ်စ်ဟာနန်ဒက် စတဲ့ ကစားသမားတွေနဲ့ ချန်ပီယံဖြစ်ခဲ့တယ်။ ပေါ့ဘာ၊ ကန်တီတို့လို ကစားသမားတွေ မပါတာကလွဲရင် အခု နည်းပြဖြစ်နေတဲ့ (၉၈ ချန်ပီယံ) ဒေးရွှန့်ရဲ့ လက်ရှိအသင်းမှာ ၂၀၁၈ ချန်ပီယံအသင်းက ကစားသမားတွေအများကြီး ပါဝင်နေသေးတယ်။
ပြင်သစ်က လက်ရှိချန်ပီယံ ဖြစ်သလို လျင်မြန်တဲ့ လူငယ်တိုက်စစ်မှူး အမ်ဘာပေးက ခုချိန်ထိ ၅ ဂိုး သွင်းထားပြီး ရွှေဖိနပ်ဆု ချိန်ရွယ်နေတယ်။
အာဂျင်တီးနားနဲ့ ပတ်သက်လို့ ပြောစမှတ်အတွင်ဆုံး၊ အမွှန်းတင်ခံရဆုံးနဲ့ အထင်ရှားဆုံးက "မက်ဆီ" ပါ။ မက်ဆီကလည်း ခုချိန်ထိ ၅ ဂိုး သွင်းထားပြီး golden boot ချိန်ရွယ်နေတယ်။
အသင်းတွေက ကစားသမား တစ်ဦး နှစ်ဦးအပေါ် အမီပြုနေတာ မဟုတ်ပေမယ့် ထူးချွန်တဲ့ ကစားသမား၊ ဂိုးသွင်းသေချာပြီး ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမားတွေက အသင်းရဲ့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးတတ်ကြတယ်။
မက်ဆီဟာ ခရိုအေးရှားကို သုံးဂိုးပြတ်နိုင်တဲ့ပွဲမှာ လူငယ်တိုက်စစ်မှူး အယ်လ်ဗာရက်စ် ဂိုးသွင်းနိုင်ဖို့ အကောင်းဆုံးဖန်တီးပေးခဲ့သလို အမ်ဘာပေးကလည်း မော်ရိုကို ကို နှစ်ဂိုးပြတ်နိုင်တဲ့ပွဲမှာ ကိုလို မူအာနီ ဂိုးသွင်းနိင်အောင် မော်ရိုကို နောက်တန်းကစားသမားတွေကို တစ်ကိုယ်တော် ထိုးဖောက်ခဲ့တယ်။ ပိုလန်နဲ့ပွဲမှာ အမ်ဘာပေး သွင်းခဲ့တဲ့ နှစ်ဂိုးစလုံးဟာ ဧရိယာအစပ်ကဖြစ်ပြီး အဆင့်မြင့်တယ်။
မက်ဆီက အသက် (၃၅) နှစ်၊ အမ်ဘာပေးက (၂၃) နှစ် ဖြစ်လို့ အသက်အရွယ်ကွာသလို အတွေအကြုံလည်း ကွာတယ်။ သူတို့နှစ်ဦးဟာ လက်ရှိ ပြင်သစ်ကလပ် ပီအက်စ်ဂျီမှာ အတူကစားနေကြသူတွေဖြစ်တယ်။ မက်ဆီက အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီဆု မရဖူးသေးတာကလွဲရင် အကောင်းဆုံးဘောလုံးသမားဆု (၇) ကြိမ်ရရှိထားတယ်။
အာဂျင်တီးနားအနေနဲ့ ၂၀၁၄၊ ဘရာဇီး ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဂျာမနီကို အချိန်ပိုမှာ ဂေါ့ဇီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ရှုံးနိမ်ခဲ့ရပြီးတဲ့နောက် ခုတစ်ကြိမ်မှာ ဒီအဖြစ်မျိုး ထပ်မကြုံဖို့ လိုတယ်။
တချို့က ဒီနှစ် ကမ္ဘာ့ဖလားဟာ မက်ဆီအတွက် ကမ္ဘာ့ဖလားဖြစ်အောင် script ရေးထားပြီး ဖြစ်တယ်လို့ ပြောနေကြတယ်။ ဒရာမာသဘောအရ ပွဲဦးမှာ ဆော်ဒီအာရေဗျကို ရှုံးနိမ့်သွားတယ်။ မက်ဆီနဲ့ အာဂျင်တီးနားအတွက် စိတ်မကောင်းစရာဖြစ်ကြရ၊ ဆော်ဒီက အာရှသူရဲကောင်းအဖြစ် တင်စားခံရ။ နောက်တော့ ဇာတ်လမ်းက ပြန်ချိုးကွေ့သွားတယ်။ မက်ဆီတို့ အာဂျင်တီးနား တောက်လျှောက်အနိုင်ရပြီး ဗိုလ်လုပွဲ တက်လာခဲ့တယ်။ နောက်ဆုံးမှာ ပြင်သစ်နဲ့တွေ့တယ်။
တချို့က ကလင်ဒါ သဘော မှန်းဆကြတယ်။ ဘရာဇီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ တောင်အမေရိကအသင်း အာဂျင်တီးနားနဲ့ ဥရောပအသင်း ဂျာမနီတွေ့ပြီး ဂျာမနီ အနိုင်ရတယ်။ အခု တစ်ခါ တောင်အမေရိကအသင်းနဲ့ ဥရောပအသင်းတို့ ဗိုလ်လုပွဲမှာ ထပ်ဆုံတော့ ဥရောပအသင်း ပြင်သစ်ပဲ (ဂျာမနီ နိုင်ခဲ့သလို) နိုင်မယ်လို့ မှန်းဆတယ်။
ဘောလုံးက လုံးနေတော့ ဘယ်မှန်းဆချက် မှန်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ခုလို မျှော်မှန်းသလို ဖြစ်တာ/မဖြစ်တာကိုကပဲ ပြိုင်ပွဲတစ်ပွဲ၊ (Games တစ်ခု) ရဲ့ ရသပဲ မဟုတ်ပါလား..။
CWM