ပူးတွဲစစ်ရေးလေ့ကျင့်ရန် အမေရိကန် ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယားသို့ ပျံသန်း

အမေရိကန်လေတပ်ဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ နောက်ဆုံး အင်အားပြမှုအဖြစ် ဒီဇင်ဘာ ၂၀ ရက်က F-35 နဲ့ F-15K တိုက်လေယာဉ်တွေနဲ့အတူ ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွက် B-52 ဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ၊ F-22 တိုက်လေယာဉ်တွေ တောင်ကိုရီးယားကို ပျံသန်းခဲ့ပါတယ်။
လက်ရှိ ဂျပန်နိုင်ငံ အိုကီနာဝါအခြေစိုက် F-22 Raptor ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပါဝင်တာဟာ တောင်ကိုရီးယားမှာ မဟာမိတ်တွေ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလကတည်းက သူတို့ရဲ့ ပထမဆုံးဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ လုံခြုံရေးဗျူဟာသစ်မှာ ဖော်ပြထားတဲ့ ဂျပန်စစ်တပ် တည်ထောင်မှုကို ရှုတ်ချလိုက်ပြီး အန္တရာယ်ရှိတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်မှာဖြစ်ကြောင်းနဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် နောက်ထပ် စမ်းသပ်မှုတခုကိုလည်း လုပ်ဆောင်မယ်လို့ သတိပေး ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပဲ အဲဒီ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်လာတာပါ။
မြောက်ကိုရီးယားဟာ သူ့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းကနေ တာလတ်ပစ် ဒုံးကျည် ၂ စင်းကို ဒီဇင်ဘာ ၁၈ ရက်က ပစ်ခတ်ခဲ့ပြီး ဒါဟာ ဧပြီလမှာ အပြီးသတ်ဖို့ မျှော်လင့်ထားတဲ့ ကင်းထောက်ဂြိုဟ်တု ဖွံ့ဖြိုးတိုးတက်မှုအတွက် “အရေးကြီးတဲ့ စမ်းသပ်မှု” လို့လည်း ခေါ်ဆိုထားပါတယ်။