close

ရခိုင် သမိုင်းဝင်ဓာတ်ပုံများပြပွဲ စစ်တွေတွင် ကျင်းပ

ရခိုင်ပြည်အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ဓာတ်ပုံတွေနဲ့ သမိုင်းဝင်ဓာတ်ပုံတွေ ပြပွဲကို ဒီဇင်ဘာ ၂၁ ရက်မနက် ၉ နာရီမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဦးဆောင်ပြီး စစ်တွေမြို့၊ မင်းဂံရပ်ကွက်၊ မင်းဖလောင်းလမ်းရှိ မြဂေဟာမှာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP တာဝန်ရှိသူတဦးက “အခုလို ကျင်းပရတာက ရခိုင်နိုင်ငံရေးသမိုင်းမှာ ရခိုင်ပြည်အတွက် ကြိုးစားဆောင်ရွက်ပေးခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အခုခေတ်လူငယ်တွေကို မြင်ဖူးစေချင်တယ်။ နာမည်နဲ့ လူပုဂ္ဂိုလ်တွဲပြီးသိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်”လို့ ပြောပါတယ်။

ခင်းကျင်းပြသထားတဲ့ ဓာတ်ပုံတွေထဲမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့  ဥက္ကဋ္ဌ ခိုင်မိုးလင်း၊ ဥက္ကဋ္ဌ ဦးကျော်လှိုင်၊ ဥက္ကဋ္ဌ ခိုင်နီလင်း၊ အတွင်းရေးမှူး ခိုင်အာဏာနီ၊ ဗိုလ်ခိုင်ရာဇာ တို့ရဲ့ အမှတ်တရ ပုံရိပ်တွေပါဝင်ပြီး လက်ရှိ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ နိုင်ငံတကာသွားရောက်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းရဲ့  မှတ်တမ်းတွေအပြင် ရက္ခိုင့်စာပေပြဋ္ဌာန်းချက်စာအုပ် (သူငယ်တန်းမှ စတုတ္ထတန်း) အထိ ထုတ်ဝေခဲ့တဲ့ မှတ်တမ်းတွေ ပါဝင်တယ်လို့ ပွဲကျင်းပသူတွေထံက သိရပါတယ်။

ပွဲကျင်းပရေးတာဝန်ရှိသူတဦးက “အဓိကကျတာက ကျနော်တို့ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၈၀ ပြည့်နှစ်ကနေ အခု ၂၀၂၂ ခုနှစ် ၄၂ နှစ်တာ ကာလအတွင်း  ရက္ခိုင့်တော်လှန်ရေး ခေါင်းဆောင်တွေရဲ့ ရှားပါးဓာတ်ပုံတွေနဲ့ ဆရာမကြီး ဒေါ်စောမြရာဇာလင်းရဲ့ ရှာဖွေစုဆောင်းထားတဲ့ မှတ်တမ်းဓာတ်ပုံတွေ အများစုပါဝင်ပါတယ်”လို့  ပြောပါတယ်။

အဆိုပါ ဓာတ်ပုံပြပွဲမှာ ရက္ခိုင့်တော်လှန်ရေးသမားတွေဖြစ်တဲ့ ဗိုလ်ချုပ်ခိုင်ရာဇာ၊ ALP ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ခိုင်မိုးလင်း စတဲ့ ပုဂ္ဂိုလ်တွေအပြင်  ALP နဲ့ ရက္ခိုင်တပ်တော် AA ခေါင်းဆောင်တို့ တွေ့ဆုံတွေ့မှုမှတ်တမ်း စတဲ့ ဓာတ်ပုံ ၅၀၀ လောက် ပြသထားပြီး စိတ်ပါဝင်စားသူ လူငယ်တွေနဲ့  ရခိုင်အရပ်ဘက်အဖွဲ့အစည်းတွေက စိတ်ဝင်စားသူ ရဟန်းရှင်လူ ၂၀၀ လောက် လာရောက် ကြည့်ရှုလေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ ဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ဆွေးနွေးပွဲတွေ တက်ရောက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

ဓာတ်ပုံ - (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up