ယူကရိန်းသမ္မတ၏ အမေရိကန်ခရီးစဉ်အပေါ် ရုရှားဝေဖန်

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးရဲ့ ဒီဇင်ဘာ ၂၁ ရက်က သွားတဲ့ အမေရိကန် ခရီးစဉ်ကနေ ကောင်းကျိုးတစုံတရာ ရှိလာမှာမဟုတ်သလို ရုရှားနဲ့ ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အခွင့်အလမ်း မရှိဘူးလို့ ရုရှားသမ္မတနန်းတော်က ပြောလိုက်ပါတယ်။
ယူကရိန်းဆီ အနောက်နိုင်ငံတွေက လက်နက်တွေ ဆက်ထောက်ပံ့တာဟာ ပဋိပက္ခကို ပိုမိုနက်ရှိုင်းလာစေပြီး ယူကရိန်းအစိုးရ မျှော်မှန်းထားတာရဲ့ ဆန့်ကျင်ဘက်ရလဒ်တွေ ထွက်လာစေနိုင်တယ်လို့ ရုရှားသမ္မတနန်းတော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
“လက်နက်ထောက်ပံ့မှုတွေ ဆက်ရှိနေသလို ထောက်ပံ့ပေးထားတဲ့ လက်နက်အကွာအဝေးကလည်း တိုးလာနေပါတယ်။ ဒါတွေအားလုံးက ပဋိပက္ခကို ပိုဆိုးသွားစေတယ်။ ဒါက ယူကရိန်းအတွက် ကောင်းတဲ့အချက်မဟုတ်ဘူး” လို့ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ယူကရိန်းသမ္မတရဲ့ ပထမဆုံး နိုင်ငံခြားခရီးစဉ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းနိုင်ငံအတွက် အဆင့်မြင့် ပက်ထရီရော့ ဒုံးခွင်းဒုံးစနစ်တွေကို ပေးပို့ရေး အတည်ပြုပေးမှာလည်း ဖြစ်ပါတယ်။ ဒါဟာ ယူကရိန်းအစိုးရအတွက် ဒေါ်လာဘီလီယံများစွာသော စစ်ရေးထောက်ပံ့မှု နောက်ဆုံးပေါ် ကမ်းလှမ်းချက်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ရုရှားနဲ့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဆိုတာဟာ ကိုယ့်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုအပေါ် အပေးအယူ အလျှော့အတင်း မရှိဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဒီဇင်ဘာ ၂၁ ရက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့အတူ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လူပေါင်းထောင်ချီ သေဆုံးခဲ့ရပြီး သန်းနဲ့ချီ ထွက်ပြေး ဒုက္ခရောက်ခဲ့ရတာတွေနဲ့ မြို့ကြီးမြို့ငယ်တွေ ဖျက်ဆီးခံခဲ့ရတဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ တရားမျှတတဲ့နည်းလမ်းကို သူ ဘာတွေစဉ်းစားခဲ့သလဲဆိုတဲ့ မေးခွန်းကို ပြန်ဖြေရာမှာ သူကတော့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ဆိုတာကို မသိဘူးလို့ ပြောလိုက်တာပါ။
ဒါပေမဲ့ သူတို့သားသမီးတွေကို ဆုံးရှုံးခဲ့ရတဲ့ မိဘတွေအတွက် ဒီလို ငြိမ်းချမ်းမှုမျိုး ရှိနိုင်မလား လို့လည်း မေးခွန်းထုတ်လိုက်ပါတယ်။ သူကတော့ သမ္မတ တယောက်အနေနဲ့ ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာ၊ လွတ်လပ်မှုနဲ့ ကိုယ့်တိုင်းပြည်ရဲ့ နယ်မြေစိုးမိုးရေးတွေ အပေါ် ဘာအပေးအယူမှမရှိဘဲ ရုရှားရဲ့ ရန်လိုမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှု အားလုံးကို ပြန်ပေးဆပ်ခြင်းပဲ ဖြစ်တယ်လို့ ဇလန်းစကီးက မော်စကိုဆီကနေ လျော်ကြေးတောင်းဆိုတဲ့ ရည်ညွှန်းချက်ကို ထပ်လောင်းပြောဆိုသွားပါတယ်။
အလားတူမေးခွန်းကိုပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့၊ ကြွယ်ဝပြီးလုံခြုံတဲ့ ယူကရိန်းနိုင်ငံအဖြစ် ဇလန်းစကီးနဲ့ အမြင်တူကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားကလည်း ကိယက်ဗ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အခွင့်အလမ်း မမြင်ကြောင်းနဲ့ ယူကရိန်း အမျိုးသားရေးဝါဒီတွေကို ဖယ်ရှားပြီးတော့ ရုရှားစကားပြောအသိုက်အဝန်းကို ကာကွယ်ဖို့အတွက် ပူတင်ပြောထားတဲ့ အထူးစစ်ဆင်ရေးကို ဆက်လုပ်သွားမယ်လို့ ကရင်မလင်နန်းတော်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ယူကရိန်းနဲ့ အနောက်နိုင်ငံတွေကလည်း ရုရှားဟာ တရားမဝင်တဲ့ ရန်လိုတဲ့စစ်ပွဲကို လိုက်ရှာနေတယ်လို့ ပြောကြပါတယ်။