close

ဂန့်ဂေါရဲစခန်းက ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDM ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သားတယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့-မြိုင် MRGF ကနေတဆင့် ပြည်သူရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်ခဲ့တယ်လို့ MRGF က ဒီဇင်ဘာ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့မရဲစခန်းက ရဲတပ်သား စွမ်းလင်းထက်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လပ်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ နိုဝင်ဘာ ၂၉ ရက်မှာ MRGF ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ MRGF တာဝန်ခံ Capatain Z က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီရဲတပ်သားဟာ G3 သေနတ်တလက်၊ ကျည်ဘောက် ၂ ခု၊ G3 ကျည်ဆန် ၅၂ တောင့် ယူဆောင်လာခဲ့လို့ MRGF က ဂုဏ်ပြုဆုငွေ သိန်း ၁၀၀ ကျပ် ချီးမြှင့်ပြီး လုံခြုံစိတ်ချရတဲ့ နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းလိုတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း MRGF ကနေ ကြိုဆိုနေပြီး လက်နက်ခဲယမ်း အပြည့်အစုံ ယူဆောင်လာပါက ထိုက်သင့်တဲ့ဆုကြေးငွေ ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်း ကြိုဆိုနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up