close

မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက စစ်ကောင်စီတပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပ.က.ဖ ကနေ သိရပါတယ်​။

မြိုင်မြို့ မြောက်ဘက်မှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ကို မနေ့ မွန်းလွဲ ၂ နာရီလောက်မှာ ဒရုန်းနဲ့ အီနာဂါဗုံးသီး ၂ လုံးချပြီး တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

အီနာဂါဗုံးသီး ပထမတလုံး ဖြုတ်ချတဲ့အချိန် အော်ဟစ်ထွက်ပြေးကြပြီး ဒုတိယတလုံး ထပ်ဖြုတ်ချရာ စစ်သား တယောက်၊ ရဲ ၂ ယောက်၊ ပျူစောထီး ၂ ယောက် ဒဏ်ရာရရှိပြီး နာရေးကားနဲ့ မြိုင်မြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ထဲကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျေးရွာတွေကို မကြာခဏ မီးရှို့ဖျက်ဆီးနေတာကြောင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

မြိုင်မြို့နယ်ထဲမှာပဲ ကန်နီရွာက ပျူစောထီးတွေဟာ ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေလို့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပြန်ပစ်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း-၆ MVRF တပ်ဖွဲ့ခေါင်းဆောင် ဦးအောင်ဇေယျက ပြောပါတယ်။

“ကန်နီကျေးရွာက ပျူစောထီးနဲ့ စစ်ကောင်စီတပ်တွေဟာ ဘေးပတ်ဝန်းကျင်ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေလို့ ဒီဇင်ဘာ ၂၁ ရက် မနက် ၆ နာရီလောက်က ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခဲ့တယ်။”

ကန်နီရွာဟာ ပျူရွာဖြစ်ပြီး နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးသူ ရှိနိုင်ပေမဲ့ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up