close

မြိုင်မြို့နယ်တိုက်ပွဲတွင် PDF ရဲဘော် ၃ ဦးကျဆုံး၊ ၂ ဦးဒဏ်ရာရ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီကင်းပုန်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၃ ယောက် ကျဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Young Force-UG ကနေ သိရပါတယ်။

မြိုင်မြို့နယ် ကြံစိမ့်ကြီးကျေးရွာနားမှာ ဒီဇင်ဘာ ၂၂ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မစ်ရှင်ပြုလုပ်ဖို့သွားတဲ့ PDF ရဲဘော် ၅ ယောက်ဟာ စစ်ကောင်စီတပ် ကင်းပုန်းနဲ့ တည့်တည့်တိုးပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားကာ ရဲဘော် ၃ ယောက် ကျဆုံးပြီး ၂ ယောက်ကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ Young Force-UG ရဲ့ ပြန်ကြားရေးတာဝန်ခံ ကို YT က ဒီဗွီဘီကို ပြောပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော်တွေကတော့ အသက် ၁၈ နှစ်ဝန်းကျင် အရွယ်တွေဖြစ်တဲ့ ရဲဘော်အာဒံ၊ ရဲဘော်တေမိနဲ့ ရဲဘော်တက်ပုတို့ဖြစ်ပြီး သူတို့ရဲ့ရုပ်အလောင်းတွေကို သယ်ထုတ်ကာ ဒီနေ့ ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ရေးပြအခမ်းအနားနဲ့ စျာပနပြုလုပ်မယ်လို့ ဆိုပါတယ်။

“ဒဏ်ရာရရှိတဲ့ ရဲဘော် ၂ ယောက်ကိုလည်း ကျနော်တို့တပ်ဖွဲ့ဝင်တွေက သွားရောက် ကယ်ထုတ်ခဲ့ရပြီး အဲဒီတိုက်ပွဲအတွင်းမှာ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေ ဆုံးရှုံးခဲ့ရကာ ခဲရောင် မစ်စူဘီရှီ ကားတစီးလည်း ဆုံးခဲ့ရတယ်” လို့ ကိုYT က ပြောပါတယ်။

မြိုင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထိန်းချုပ်နယ်မြေတွေ များပြားလာလို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ပြီး နယ်မြေ ပြန်လည်ထိန်းချုပ်ဖို့ အသည်းအသန် ကြိုးစားလာသလို ပြည်သူတွေကို မတရား ဖမ်းဆီးသတ်ဖြတ်တာတွေ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up