အတိတ်သင်ခန်းစာ (သူ့အတွေး သူ့အမြင် – Op-Ed)

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာတော့ ပွဲဆူ၊ ပွဲပူ၊ ပွဲမြှူတာတွေကအစ ပွဲသွင်းဖို့ ဗိန်းဗောင်းတီးပေးနေကြတာတွေလည်း နေ့စဉ်တွေ့နေရတယ်။ အပြန်အလှန် ငြင်းကြခုန်ကြ၊ အပြစ်တင် စွပ်စွဲကြတွေလည်း ရှိရဲ့။ တချို့ကိစ္စတွေက ဖြေရှင်းဖို့လိုသလို တချို့ဖြစ်ရပ်တွေက ဖြေရှင်းလေ ပိုရှုပ်လေ ဖြစ်တတ်တာမို့ လျစ်လျူရှုသင့်ရင် ရှုကြရတာတွေလည်း ရှိပါတယ်။
တော်လှန်ရေးကာလ မုန်တိုင်းပြင်းထန်လာချိန်မှာ ဒီလိုဖြစ်ရပ်တွေက ကြုံတွေ့ကြရမြဲပါ။ ရန်သူက သွေးခွဲဖြိုခွင်းတာတွေလည်း ရှိသလို အချင်းချင်း အတ္တမာနပြိုင်ရာက ငြိစွန်း ငြိုငြင်တတ်ကြတွေလည်း ဖြစ်ကြမြဲပါ။ တခါတလေကြတော့လည်း နိုင်ငံရေးခေါင်းဆောင် ဖြစ်ချင်တတ်တဲ့ ပညာတတ်ဉာဉ်နဲ့ သူများစည်းရုံးထားတဲ့နယ်ထဲ ဗိုလ်သွားကျတဲ့အခါ ‘ကြက်ခေါင်းဆိတ်မခံ’ စိတ်နဲ့ အငြင်းပွားကြတာတွေလည်း ရှိတတ်မြဲပါ။ အလှူငွေစလေးများပါလာရင် ပိုဆိုးလာတတ်ပါတယ်။ ဒါထက်ဆိုးတာက နှလုံးသားရေးရာမဟုတ်ဘဲ ‘မ,ဘက်လိုက်ရင် မိုက်ဖက်ပါတတ်တာ’ လည်း တော်လှန်ရေးမှာ အနှောင့်အယှက်တခုပေမို့ သတိထား ဆင်ခြင်ကြရပါတယ်။
ဒီလိုဖြစ်ရပ်တွေကလည်း အခုမှဖြစ်တာမျိုးတော့ မဟုတ်ဘူး။ ဗမာ့တော်လှန်ရေး သမိုင်းတလျှောက်လုံး ကြုံတွေ့ခဲ့ကြရတာ။ အတိတ်သမိုင်းဆိုတာ အတုယူရတာတွေရှိသလို သင်ခန်းစာယူရတာတွေလည်း ရှိပါတယ်။ ဗမာတပ်မတော်ဆိုတာ စဖွဲ့ကတည်းက နှစ်ခြမ်းကွဲနေတာ။ ဂျပန်မှာ စစ်ပညာသင်ဖို့ ထွက်ခွါကြတော့ ဗစိန်၊ ထွန်းအုပ် သခင်နဲ့ မှိုင်းသခင်ဆိုပြီး နှစ်ခြမ်းကွဲနေတဲ့ တို့ဗမာအစည်းအရုံးကလူတွေ ပါခဲ့ကြတာ အားလုံးအသိ။ ဒါပေမဲ့ ဗမာ့လွတ်လပ်ရေးအတွက် ဘုံရန်သူကို တော်လှန်ကြရမှာ ဖြစ်တဲ့အတွက် အားလုံး ပေါင်းစည်းခဲ့ကြတယ်။ လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အုပ်ချုပ်မှုအောက်မှာ အမိန့်နာခံပြီး တညီတညွတ်တည်း ဦးဆောင်မှုကို ခံယူခဲ့ကြတယ်။ အဲ့ဒါ အတုယူစရာ သမိုင်းတကွက်ပါပဲ။
ဂျပန်တော်လှန်ရေးလုပ်ကြတော့လည်း ဆိုရှယ်လစ်အုပ်စုနဲ့ ကွန်မြူနစ်အုပ်စုတို့ အတူပါခဲ့ကြတယ်။ လက်တွဲခဲ့ကြတယ်။ ကွန်မြူနစ်တို့ကလည်း ‘ရဲခေါင်ပြောက်ကျား’ အမည်ခံပြီး တိုက်ခဲ့ကြပေမဲ့ ‘ဘီအိုင်အေ’ နဲ့ အတူတွဲပြီး လှုပ်ရှားခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ်သေနာပတိရဲ့အမိန့်ကို နာခံပြီး တိုက်ပွဲဝင်ခဲ့ကြတာ။ ဘုံရန်သူကို အတူတကွ တော်လှန်ခဲ့ကြတာပဲ။ ရည်ရွယ်ချက် အောင်မြင်ဖို့အတွက် ဆင်းရဲပင်ပန်း အမြင်မတူတာတွေကို လျစ်လျူပြုနိုင်ခဲ့ကြတာဟာ လေးစားမြတ်နိုးဖွယ်ရာ ကောင်းသလို အတုယူဖွယ်ရာ နမူနာကောင်းလည်း ဖြစ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးနောက်မှ ဗစိန် ထွန်းအုပ်ဂိုဏ်းနဲ့ ဆိုရှယ်လစ်အုပ်စုတို့ ပေါင်းပြီး တဦးချင်း ဖြုတ်ထုတ်ရှင်းခဲ့ကြတာက တကဏ္ဍပေါ့။ လွတ်လပ်ရေးရပြီးနောက်မှ ကွဲကြပြဲကြတာကတော့ အကြောင်းပြချက် မျိုးစုံရှိမှာပါ။ အခုတော့ အဲ့ဒီအကြောင်းပြောဖို့ထက် အတိတ်ဖြစ်ရပ်တွေထဲက သင်ခန်းစာယူစရာ တချို့ကိုပဲ ပြောချင်ပါတယ်။ တခါတခါတော့လည်း လက်တွေ့ဖြတ်သန်းနေတဲ့ ဘဝတွေကို ကျော်ပြီး သီအိုရီအတိုင်း မဟုတ်လို့ အစက ပြန်စကြတာတွေကလည်း အကြောင်းတချက်ပါပဲ။ လက်တွေ့ကြုံတွေ့ရမှုကို ကျော်ပြီး သီအိုရီအတိုင်း ဖြေရှင်းကြတဲ့ အမှားတွေကလည်း သင်ခန်းစာယူစရာပါပဲ။
လွတ်လပ်ရေးရအောင် စွမ်းဆောင်ကြိုးပမ်းကြတော့လည်း ဒီလူတွေနဲ့ ဒီအဖွဲ့အစည်းတွေပါပဲ။ လွတ်လပ်ရေးရပြီးတဲ့နောက် ဒီလူတွေကပဲ ပြည်တွင်းစစ်ကို မီးမွှေးပေးခဲ့ကြတာ။ အခုထိ တောက်လောင်လို့ မဆုံးသေးဘူး။ အဲ့လို ကွဲကြပြဲကြ တိုက်ကြခိုက်ကြတဲ့အတွက် ‘တောကြောင်စစ်တပ်က လက်ခမောင်းခတ်ပြီး’ အခုထိ ပြည်သူ့အာဏာကို လုယူခဲ့တာဟာလည်း ဒီနေ့ တော်လှန်ရေးသမားတွေအတွက်တော့ ယူစရာ သင်ခန်းစာတခုပေါ့။
ဒီလိုပြောလို့ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့ကြတဲ့ ရှေး.. ရှေးက ကျေးဇူးရှင် သူရဲကောင်းတွေကို အပြစ်တင် ချေချွတ်ခြင်း မဟုတ်ပါဘူး။ သူတို့တတွေရဲ့ ကျေးဇူးကို ထာဝရ ဦးထိပ်ပန်ထားပါတယ်။ နှောင်းလူတို့ သင်ခန်းစာယူစရာ အတွေ့အကြုံ ဖြစ်ရပ်တွေမို့ ပြောရခြင်းသာဖြစ်တယ်။ လက်ရှိ နွေဦးတော်လှန်ရေးမှာလည်း ဒီလိုအမှားတွေ ထပ်မဖြစ်စေလိုတဲ့ စိတ်ဇောကြောင့် ပြောရတာ။ နောက်ထပ် သင်ခန်းစာယူစရာတခုကို ပြောချင်သေးတယ်။
၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် တော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးအတုကို လုပ်ခဲ့သေးတယ်။ အဲ့ဒီမှာလည်း နိုင်ငံရေးအရ မဝေခွဲနိုင်တဲ့ တော်လှန်ရေးအင်အားစုတချို့ လက်နက်ချ အလင်းဝင်ပြီး ဗိုလ်နေဝင်း ဆုချတဲ့ အရိုးအရင်းလေးတော့ ကိုက်လိုက်ကြရသေးထင်ပါရဲ့။ တချို့ပါတီခေါင်းဆောင်တွေကလည်း ပါလီမန်ဒီမိုကရေစီစနစ် သင်္ဂြိုဟ်ပွဲမှာ စစ်အာဏာရှင် ဗိုလ်နေဝင်းရဲ့ ပလ္လင်အောက်က ‘ခွေးကတက်မှာ’ နေရနေရဆိုပြီး အညံ့ခံလိုက်တယ်။ ဖဆပလရဲ့ တချို့အမတ်တွေကတော့ သံအမတ်ရာထူးယူပြီး ပူးပေါင်းလိုက်လေရဲ့။ ဒါတွေကတော့ သီးခြားပြောရမယ့် အကြောင်းတွေမို့ ချန်ထားခဲ့ပါမယ်။
ဗိုလ်နေဝင်းက သူအာဏာသိမ်းတာကို ‘တော်လှန်ရေးအစိုးရ’ ဆိုတဲ့အမည်နဲ့ သကာဖုံးခဲ့လေတော့ ၁၉၆၅ ခုမှာ တန်ပြန်တော်လှန်ရေးလုပ်မယ့် အင်အားစုတွေ ပေါ်ထွက်လာခဲ့တယ်။ တပ်ထဲကလည်း တန်ပြန်တော်လှန်ရေးလုပ်ဖို့ စိုင်းပြင်းခဲ့တာလည်း ရှိရဲ့။ ပထမဆုံး တန်ပြန်တော်လှန်ရေးအတွက် တောခိုတဲ့အထဲမှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ရန်နိုင်တို့အဖွဲ့က အစောဆုံးပါပဲ။ နောက်တော့ ၁၉၆၉ ခုထဲမှာ ဦးနု၊ ဗိုလ်လကျ်ာတို့ ထိုင်းဘက်ရောက်သွားခဲ့တယ်။ ဦးလောရုံတို့လည်း ရောက်သွားကြတယ်။ ဦးသွင်တို့လည်း ရောက်သွားခဲ့ကြတယ်။ အတိုချုပ်ရရင် ဒီလိုနဲ့ ထိုင်းကိုအခြေစိုက်ပြီး ‘ပါလီမန်ဒီမိုကရေစီပါတီ’ (PDP) ကို ထောင်လိုက်ကြတယ်။
လူငယ်တွေကတော့ ‘ပြည်ချစ်လူငယ်တပ်ပေါင်းစု’ (PYF) ဆိုပြီး လက်နက်ကိုင်တော်လှန်ရေး အတွက် တပ်ဖွဲ့ဖို့ တည်ထောင်လိုက်ကြတယ်။ ထိုင်းနယ်စပ်မှာ ဗိုလ်ချုပ်ရန်နိုင်က တောင်ပိုင်းတိုင်း တိုင်းမှူး၊ ဗိုလ်ချုပ်ကြီးလက်ျာက စစ်ဦးစီးချုပ်နဲ့ ဒုဥက္ကဋ္ဌ။ ဗိုလ်မှူးအောင်က မြောက်ပိုင်းတိုင်းပေါ့။ ဗိုလ်ချုပ်တီကလစ်လည်းပါရဲ့။ ဗိုလ်ချုပ်သွင်က အလယ်ပိုင်းတိုင်း တိုင်းမှူး။ ဗိုလ်ချုပ်ကြာဒိုးက စစ်ဦးစီးချုပ်။ နောက်တော့ မြဝတီရဲခေါင်နဲ့ ရန်ကုန်ဘဆွေတို့လည်း ပါရဲ့။ ဒီအထိကတော့ ကိုယ့်တာဝန်နဲ့ ကိုယ်လုပ်။ ကိုယ့်တပ်အသီးသီးနဲ့ ကိုယ် အဆင်ပြေနေတယ်။ စည်းလုံးညီညွတ်နေကြတယ်။
အလှူငွေ ၂၀ သန်းရပြီးတဲ့နောက်တော့ အခြေအနေက နည်းနည်းနဲ့ တဖြည်းဖြည်း ပြောင်းလာပြီ။ ဒီလိုအခြေအနေမှာ နိုင်ငံရေးသမားရဲ့ နေရာယူလိုမှုတွေကလည်း တစခန်းထလာဟန်ပါပဲ။ ခေါင်းဆောင်လုပ်သူတွေကလည်း အုပ်စုတွေ ဖွဲ့လာကြတယ်။ ဂိုဏ်းဂဏတွေကြောင့် ဘုံရန်သူကို မေ့လျော့ကာ အချင်းချင်း ချိုးနှိမ်ရေးဟာ ပဓာနဖြစ်လာပြီး တော်လှန်ရေးကို အဟန့်အတားဖြစ်စေတာ သတိပြုဖို့လိုပါတယ်။ တော်လှန်ရေးကာလမှာ အုပ်စုဖွဲ့ ဂုဏ်ပြိုင်ကြခြင်းဟာ ကောင်းတဲ့လက္ခဏာတရပ် မဟုတ်ပါလေ။ နှောင်းလူများအတွက် သတိပြုဖွယ်ရာပါပဲ။
ကိုလိုနီအမွေဖြစ်တဲ့ ဖဆပလခေတ်ရဲ့ နိုင်ငံရေးကစားချင်တဲ့ဉာဉ်က ပေါ်လာပြီ ဆိုရလေမလားပဲ။ ဒီလိုနဲ့ နိုင်ငံရေးသမားမဟုတ်တဲ့ သတင်းစာဆရာကြီး ဦးလောရုံက PDP ပါတီ အတွင်းရေးမှူးက နုတ်ထွက်လိုက်တယ်။ သူ့နေရာကို ပထစဝန်ကြီးဟောင်းဖြစ်တဲ့ ဗိုလ်ချုပ်သွင်က ဝင်ရောက် နေရာယူလိုက်တော့တယ်။ နိုင်ငံရေး Issue တခု တင်လိုက်တာနဲ့ အဖွဲ့အစည်းတွေဟာ ကွဲသွားတတ်ကြတာ ဗမာ့နိုင်ငံရေးရဲ့ အထုံတခုလို ဖြစ်နေပြီမို့ အထူးသတိထားပြီး နိုင်ငံရေးအယူဝါဒ သဘောထားကြီးမြတ်ဖို့ လိုပါတယ်။ “ဒီမိုကရေစီ သဘောအရ အယူအဆကွဲတာ သဘာဝပေမဲ့ တော်လှန်ရေးမှာတော့ စုစည်းညီညွတ်မှုဟာ အားတခုဆိုတာ မမေ့မလျော့ သတိပြုကြဖို့ပါ။”
နောက်ဆုံး သူ့တပ်ကိုယ့်တပ်နဲ့ ကိုယ်ပိုင်တပ်လုပ်ချင်စိတ်တွေ လွှမ်းမိုးလာတယ်။ တဖွဲ့နဲ့တဖွဲ့ အဆင်မပြေမှုတွေ များလာတယ်။ တပ်ဖွဲ့ လက်ဝါးကြီးအုပ်လိုမှုတွေနဲ့ တပ်ပျက်တဲ့အထိ ဖြစ်လာတယ်။ အဲ့လို အစပိုင်းသွေးကွဲမှုတွေဟာ ရန်သူထိုးနှက်ချက်ကြောင့်မဟုတ်ဘဲ ကိုယ့်အချင်းချင်း မညီညွတ်မှုက အစပြုခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီလို မညီညွတ်မှုကို နင်းပြီး ရန်သူထိုးနှက် သွေးခွဲလာတယ်လို့ ဆိုကြပါတယ်။ “အက်ကြောင်းရှိရင် သပ်သျှို” တတ်တဲ့ သဘောပေမို့ ဒီနေ့ နွေဦးတော်လှန်ရေး ရဲဘော်အပေါင်း သတိပြု ဆင်ခြင်ရမယ့် အချက်တခုပင် ဖြစ်ပါတယ်။
ဒါတွေက အစောဆုံး တော်လှန်ရေးရဲ့ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာရပ်တွေ။ အပြည့်အစုံ ပြောချင်ပေမဲ့ အခြေအနေအရ အနည်းငယ်ပဲ ပြောနိုင်တယ်။ အဲ့ဒီနောက် ၁၉၈၈ ရဲ့ ABSDF (NB) ရဲ့ ပါဂျောင်ဒေသမှာ ဖြစ်ပျက်ခဲ့ ‘ဟင်္သာကိုးသောင်း’ ပြဿနာရပ်တွေကိုတော့ နှလုံးမသာယာဖွယ်ရာတွေမို့ နမူနာအဖြစ်တောင် မပြောချင်ဘူး။ ဒါပေမဲ့ အဲ့ဒါတွေဟာ သတိပြု ဆင်ခြင်ရမယ့် ဖြစ်ရပ်တွေပါ။ တော်လှန်ရေးသမားအချင်းချင်း ကျောင်းသားအချင်းချင်း ကြားထဲမှာ မကျူးလွန်သင့်တဲ့ ဖြစ်ရပ်တွေပါ။
တကယ်တော့ “ရန်သူအပေါ်မှာ သဘောထားပြတ်သားတဲ့ မည်သည့်တော်လှန်ရေးသမားကိုမဆို၊ မည်သည့်တော်လှန်ရေး အဖွဲ့အစည်းကိုမဆို တော်လှန်ရေး အဝန်းအဝိုင်းရဲ့ အပြင်ကို ရောက်အောင် ဘယ်လိုနည်းနဲ့မှ တွန်းမထုတ်ကြသင့်ဘူး။ သွေးကွဲသွားအောင် အားမထုတ်သင့်ပါဘူး။” ရအောင် ညှိနှိုင်းကြရမှာပါ။ လက်ရှိ နွေဦးတော်လှန်ရေးကာလ မုန်တိုင်းထန်နေချိန်မှာ စစ်ကိုင်းတိုင်းမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ကြားရ သိရတဲ့အခါ လူထုရဲ့စိတ်ဓာတ်အင်အားဟာ ယုတ်လျော့လာပြီး နှလုံးမသာယာ ဖြစ်နေပြီဆိုရင် သတိသာထားကြပေတော့၊ ‘အက်ကြောင်းရှိလာရင် သပ်သျှိုခံရတော့မှာ မုချပဲ။’ ‘အရင်လူတွေလိုပါပဲကွာ’ ဆိုတဲ့ ကောက်ချက်ဟာ တော်လှန်ရေးကို ထိခိုက်စေပါတယ်။
တကယ်တော့ ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဟာ လိုအပ်ချက်အရ သူ့ဒေသ ပြည်သူကို ကာကွယ်ပေးဖို့ ပေါ်လာခဲ့တာ။ ကြီးကြီးကျယ်ကျယ်ပြောရရင် သမိုင်းတောင်းဆိုချက်အရ ပေါ်လာတာပဲ။ နိုင်ငံရေးအရ ခေါင်းဆောင်လုပ်ချင်လို့ ပေါ်လာကြတာ မဟုတ်တာ သေချာတယ်။ စစ်မိစ္ဆာဂိုဏ်းက ပြည်သူကို မတရားအနိုင်ကျင့် ဖိနှိပ်တဲ့ဒဏ်ကို မခံနိုင်လွန်းလို့ ပေါ်လာခဲ့တာ။ ပြည်သူတရပ်လုံး စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ကာကွယ်ဖို့ ပေါ်လာခဲ့တာ။
ဒီလိုအခြေအနေမျိုးမှာ သူတို့လို အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ အပြုအမူမျိုးမဖြစ်အောင် ဆင်ခြင်ကြရပါမယ်။ အင်အားသာလွန်တဲ့ အဖွဲ့အစည်းဖြစ်လေ အင်အားငယ်သူတွေအပေါ်မှာ ညှာတာထောက်ထားရလေပဲ ဖြစ်သင့်တယ်။ သူ့ဒေသလူထုနဲ့ သူ့ခေါင်းဆောင် အသားကျနေတာကို ဘုံရန်သူတိုက်သူ အချင်းချင်းကြားမှာ နားလည်မှုပေးသင့်တယ်။ သူတို့ဒေသလူထုရဲ့ သူတို့ခေါင်းဆောင်အပေါ် လေးစားစိတ် မယုတ်လျော့အောင်တောင်မှ ထိန်းညှိပေးကြရမှာဖြစ်တယ်။ ‘သစ်ပင်ပေါ်က ပြုတ်ကျတဲ့လူကို အောက်ရောက်တော့ စပါးကြီးမြွေက ထပ်ဆင့်ပုတ်ခတ်’ ခံရတာမျိုးကတော့ မဖြစ်သင့်ဘူး။ အများစုက အနည်းစုကို အနိုင်ကျင့်တာမျိုး မဖြစ်အောင် သတိထားကြရမှာက အင်အားကြီးတဲ့ နိုင်ငံရေးခေါင်းဆောင်တို့ရဲ့ ကျင့်ကြံကြရမယ့် တရားပဲ။
ဒီနေ့လို အရေးကြီးတဲ့ကာလမျိုးမှာ ဘုံရန်သူက တော်လှန်ကြသူအချင်းချင်းကြားက အငြင်းပွားဖွယ်ရာတွေ ရှိခဲ့ရင် အတိတ်ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး အဆင်ပြေ ညီညွတ်စွာ ဖြေရှင်းနိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘယ်သူမှားတယ် မှန်တယ် ဆိုတာထက် ကိုယ့်အဖွဲ့အစည်းတာဝန် ကိုယ်ယူပြီး အတူတကွ ပူးပေါင်းတိုက်ပွဲဆင်နိုင်ရေးက အဓိကကျပါတယ်။ အတူတကွ ပူးပေါင်းတိုက်ပွဲဆင် အနိုင်ယူနိုင်ပါစေကြောင်း ဆန္ဒပြု ရေးသားလိုက်ပါတယ်။ နွေဦးတော်လှန်ရေးရဲ့ တရားသောစစ် အောင်မြင်ပါစေ။
ဂန္ထဝင်မောင်ထူး (သူ့အတွေး သူ့အမြင် – Op-Ed)
(ဤဆောင်းပါးသည် စာရေးသူ၏ အတွေးအမြင်သာဖြစ်ပြီး ဒီဗွီဘီ၏ အာဘော်မဟုတ်ပါ။)