close

အင်းတော်တွင် စစ်တပ်က ရွာသား ၈ ဦးကို နှိပ်စက်သတ်ဖြတ်၊ လူငယ် ၂ ဦးအား ရိုက်နှက်ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ နတ်မဟုတ်ကြီးကျေးရွာသား  ၈ ဦးကို စစ်တပ်က ဖမ်းဆီး နှိပ်စက်ညှဉ်းပန်းပြီး မြေမြှုပ်ထားတဲ့ ရုပ်အလောင်းတွေကို ဒီဇင်ဘာ ၂၅ ရက်မှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့  အင်းတော် PDF တပ်ဖွဲ့နဲ့ ဒေသခံတွေထံက သိရပါတယ်။

အင်းတော်ဒေသခံ အမျိုးသားတဦးက “အလောင်းတွေတွေ့တာ ဟုတ်တယ်။ ကမ်းနီရွာနားမှာ နတ်မဟုတ်ကြီးနဲ့ ကမ်းနီက ကားလမ်း ဟိုဘက်ခြမ်းဒီဘက်ခြမ်း ကမ်းနီရွာရဲ့ မနီးမဝေး တောထဲမှာတွေ့တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

နတ်မဟုတ်ကြီးကျေးရွာသား  ၈ ဦးကို  စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဖမ်းဆီးသွားတာဖြစ်ပြီး အခုမှ   အလောင်းတွေပြန်တွေ့ရတာဖြစ်ပါတယ်။

တွေ့ရှိတဲ့ ရုပ်အလောင်းတွေဟာ အင်းတော်မြို့နယ် ဒေသခံတွေဖြစ်တဲ့ ဦးမင်းနိုင် အသက် ၅၀ ကျော်၊ ဦးကျော်သန်း အသက် ၆၀ နှစ်၊ ကိုဘိုဘိုဝေ အသက် ၃၃ နှစ်၊ ဦးကျော်သန်းသား ဦးကျော်ဌေး အသက် ၅၀ ကျော်၊ ဦးကျော်ထွန်း အသက် ၃၈ နှစ်၊ ဦးထွန်းနိုင် အသက် ၆၀ နှစ်၊ ဦးမြင့်ဖေ အသက် ၆၈ နှစ်၊ ဦးသာပြူး ၆၈ နှစ် တို့ဖြစ်ပြီး  ဒီအထဲက ၂ ဦးမှာ ဦးခေါင်းဖြတ် အသတ်ခံထားရကာ ကျန် ၆ ဦးကိုတော့ ရိုက်နှက်ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရတယ်လို့ အင်းတော် PDF တပ်ဖွဲ့ထံက သိရပါတယ်။

ဒေသခံအမျိုးသားတဦးက “သတ်ခံရတဲ့သူတွေကို PDF ထောက်ပံ့တယ်ဆိုပြီး ဒလန်က တိုင်တော့ စကစ စစ်သားတွေက ဖမ်းသွားပြီး သတ်ထားတာ။ အရပ်သားတွေကို ဦးတည်ပြီး တိုက်ခိုက်နေတာ၊ စစ်ကြောင်းလာတယ်ကြားရင် အဝေးလွတ်ရာကို ရှောင်စေချင်တယ်” လို့  ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးတဲ့ တပ်ရင်းတွေက တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ မကွေးအခြေစိုက်တပ်ရင်းဖြစ်ပြီး တပ်မ ၈၈ လက်အောက်ခံတပ်တွေဟာ ထီးချိုင့်နယ်ကိုလည်း စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာ ၂၅ ရက် နေ့လယ် ၂ နာရီလောက်က ဆိုင်ကယ်စီးလာတဲ့ အသက် ၂၀ အရွယ် လူငယ် ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးရိုက်နှက် စစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က အင်းတော်အင်းဘက်ကလာတဲ့ လူငယ်တွေနဲ့ အင်းလမ်းဘက်ကိုပြန်မယ့် လူငယ်တွေကို ဒီရက်ပိုင်းအတွင်း အဓိကထား စစ်ဆေးဖို့ စစ်ဆေးရေးဂိတ်ကို မှာကြားထားတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။

အင်းတော် PDF တပ်ဖွဲ့ဝင်တဦးက “နောက်နှစ်ကို အင်းတော်မှာရှိတဲ့ PDF တွေကို အပြတ်တိုက်ထုတ်မှာ။ တိုက်ထုတ်လို့ နည်းနည်းပါးပါး ကျန်တဲ့ကောင်တွေက ကေအိုင်အေဘက်ကို ပြေး။ အဲဒီမှာ ကေအိုင်အေက နှိပ်စက်။ ၈၈ တုန်းကလို ခံစားရမယ့်ကောင်တွေ။ မင်းတို့လည်း PDF တွေလာရင် ပြောဆိုပြီး ရဲတွေက လိုက်လံပြောဆိုနေကြောင်း ဒေသခံတွေဆီက ပြန်သိရတယ်” လို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက အင်းတော်ဘောလုံးကွင်းထဲကို စစ်ကောင်စီဘက်က MI-17 တစီးနဲ့ လက်နက်ခဲယမ်းတွေချပြီး အနောက်တောင်ဘက် ပျံတက်သွားတယ်လို့ Indaw Revolution-IR အဖွဲ့က ထုတ်ပြန်‌ပြောဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up