၂၀၂၃ နှစ်သစ်ကူးပျော်ပွဲရွှင်ပွဲ ပုံမှန်အတိုင်းကျင်းပနိုင်ဟု ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းဘုရင့်သမီးတော် နာမကျန်းဖြစ်နေလို့ ဌာနဆိုင်ရာအဖွဲ့အစည်းတချို့က ၂၀၂၃ နှစ်သစ်ကူးပွဲတော်ကို ပျော်ပွဲရွှင်ပွဲမလုပ်ဘဲ ဆုတောင်းပွဲနဲ့ အလှူဒါနတွေသာ ပြုကြဖို့ ထုတ်ပြန်ထားပေမဲ့ ထိုင်းအစိုးရအဖွဲ့အနေနဲ့ နှစ်သစ်ကူးပွဲကို ဟန့်တားမှုတစုံတရာမရှိဘဲ ပုံမှန်အတိုင်း ကျင်းပနိုင်တယ်လို့ ဝန်ကြီးချုပ်ပရာယုဒ်ကျန်အိုးချားက ပြောပါတယ်။
လာမယ့်ရက်ပိုင်းအတွင်း နေရာအသီးသီးမှာ ကျင်းပကြမယ့် နှစ်ဟောင်းနှုတ်ဆက် နှစ်သစ်ကြိုဆိုပွဲမှာ ဌာနဆိုင်ရာရော ပုဂ္ဂလိက၊ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို ပုံမှန်ကျင်းပ သွားနိုင်ကြောင်း ၊ ဒါပေမဲ့ ၇ ရက်တာ မတော်တဆထိခိုက်မှုတွေလျော့နည်းအောင် စည်း ကမ်းတင်းကျပ်ဖို့ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
နှစ်သစ်ကူးကာလ ဝန်ကြီးချုပ်ကို လာရောက်ကန်တော့တာ၊ ဂါရဝပြုတာကို လက်ခံမှာ မဟုတ်ဘဲ စာနဲ့ရေးသားလာတဲ့ သဝဏ်လွှာတွေကိုသာ လက်ခံမယ်လို့ ဝန်ကြီးချုပ်က ဖြည့်စွက် ပြောကြားပါတယ်။
ဒါကြောင့် ထိုင်းအရှေ့မြောက်ပိုင်း ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေမှာ ထိုင်း/နိုင်ငံခြားသား အဆိုတော် နာမည်ကြီးတီးဝိုင်းတွေနဲ့ အကြီးအကျယ်ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၀၂၃ နှစ်သစ်ကူးပွဲတော်ကို သမီးတော် နေမကောင်းဖြစ်တဲ့နောက် ရုပ်သိမ်းကြောင်း ကြေညာခဲ့ပေမဲ့ ပြန်လည်ကျင်းပတော့မယ်လို့ ချွန်းပူးရီးခရိုင်ဝန်ရုံးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၉ နဲ့ ၃၀ ညမှာ ပွဲရှိပေမယ့် မီးရှူးမီးပန်းမဖောက်ဘဲ ၃၁ ရက် နှစ်ကူးညမှာမှ မီးရှူးမီးပန်းဖောက်လွှတ်မယ်လို့ ဆိုပါတယ်။
ဘန်ကောက်မြို့လယ်မှာ Central World ကုန်တိုက်ကြီးမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ နှစ်သစ်ကူး Countdown ပါတီ၊ ဂီတဖျော်ဖြေပွဲနဲ့ မီးရှူးမီးပန်း ပစ်ဖောက် နှစ်သစ်ကြိုဆိုပွဲတွေကိုလည်း ဖျက်သိမ်းဖို့ မရှိဘဲ စီစဉ်ထားတဲ့အတိုင်း ဆက်လက်ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။
ထိုင်းဝန်ကြီးများရုံးကတော့ ၂၀၂၃ နှစ်ကူးကာလ ၇ ရက်တာ မတော်တဆ ထိခိုက်မှုအန္တရာယ် လျှော့ချရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာဖို့၊ ပွဲခင်းထဲမှာ လက်နက်နဲ့ ချွန်ထက်တဲ့အရာတွေ စစ်ဆေးဖို့၊ အသက် ၂၀ အောက် လူငယ်တွေ အရက်ရောင်းချခွင့်မပြုဖို့၊ မနက် ၁၁ နာရီမှ မွန်းလွဲ ၂ နာရီထိ ၁ ကြိမ်၊ ညနေ ၅ နာရီမှ ၁၂ နာရီထိသာ အရက်ရောင်းချဖို့၊ မတော်တဆ ထိခိုက်မှုစောင့်ကြပ်ရေးဂိတ်တွေ တိုးချဲ့ချထားဖို့ ထုတ်ပြန်ထားပါတယ်။
မနှစ် ၂၀၂၂ နှစ်သစ်ကူးကာလ ၇ ရက် အန္တရာယ်ရှိနေ့ရက်အတွင်း ယာဉ်မတော်တဆ ထိခိုက်မှုပေါင်း ၂၇၀၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၃၃ ဦး ၊ ဒဏ်ရာရသူ ၂၆၇၂ ဦး ရှိခဲ့ကြောင်း၊ ထိခိုက်မှုအများဆုံးမှာ အရက်သေစာ သောက်စားမူးယစ်မှုကြောင့်ဖြစ်ရတယ်လို့ ခေါဝ်ဆွတ် ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ကိုးကား- Khaosod