close

ရိုဟင်ဂျာ အယောက် ၂၀ ခန့် ပင်လယ်ပြင်တွင် သေဆုံးဖွယ်ရှိဟု ကုလအေဂျင်စီပြော

ရိုဟင်ဂျာဒုက္ခသည် ၁၇၄  ဦး တင်ဆောင်လာတဲ့ လှေတစ်စင်းဟာ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အာချေးပြည်နယ်မှာ ဒီဇင်ဘာ ၂၇ ရက်က ဆိုက်ကပ်ခဲ့ပြီး အခုရက်သတ္တပတ်တွေအတွင်း ပင်လယ်ပြင်မှာ တခြားရိုဟင်ဂျာ အယောက် ၂၀ လောက် သေဆုံးဖွယ်ရှိတယ်လို့  ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) က ပြောပါတယ်။

ဒုက္ခသည်အများစုဟာ ပင်လယ်ပြင်မှာ ရက်သတ္တပတ်တွေချီ ကြာမြင့်ခဲ့လို့ အများစုက ရေဓာတ် ခန်းခြောက်တာနဲ့ ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားခဲ့ကြရပြီးတော့ အရေးပေါ်ဆေးကုသမှုတွေ လိုအပ်နေတဲ့အတွက် ဒုက္ခသည်တွေကို အာချေးပြည်နယ် ပိုင်ဒိုင်းခရိုင်ရှိ အလယ်တန်းကျောင်းမှာ ယာယီနေရာချထားပေးပါတယ်။

လတ်တလော ရောက်လာကြသူ အများအပြားရဲ့ ပြောကြားချက်အရ သူတို့လှေပေါ် ပါလာသူတွေထဲက အယောက် ၂၀ လောက် သေဆုံးခဲ့ကြောင်း သိရပြီး သူတို့ဟာ ပိုကောင်းတဲ့ ဘဝကို ရှာဖွေဖို့ အင်ဒိုနီးရှားကို လာခဲ့တာလို့ ဆိုပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေဟာ ဒီဇင်ဘာ ၂၆ ရက်က ပင်လယ်ထဲ နစ်မြုပ်သွားတယ်လို့ သတင်းရရှိထားတဲ့ စက်လှေဟာ အခု လောလောလတ်လတ် ရောက်ရှိလာတဲ့ လှေနဲ့အတူတူပဲလား ဆိုတာ အတည်ပြုဖို့ စုံစမ်းနေတယ်လို့ UNHCR ဒေသခံဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေကို ထောက်ပံ့တဲ့ အာရကန်ပရောဂျက်က ခရစ်လီဝါက ဒီလှေဟာ အတူတူပါပဲလို့ ပြောပါတယ်။

ဒီဇင်ဘာ ၂၅ ရက်က အာချေးမြို့ကို ရောက်ရှိလာတဲ့ တခြား ရိုဟင်ဂျာ ၅၇ ဦးရှိပြီး နိုဝင်ဘာလတုန်းကလည်း လူမျိုးစုံ ၂၃၀ ကို တင်ဆောင်လာတဲ့ တခြားလှေနှစ်စင်း ဆိုက်ရောက်ခဲ့ပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up