နှစ်သစ်ကူးချိန်အထိ မက်ဆီ ပြန်မလာသေးဟု ပီအက်စ်ဂျီနည်းပြအတည်ပြု

မက်ဆီဟာ နှစ်သစ်ကူးချိန်အထိ အသင်းဆီ ပြန်လာမှာမဟုတ်ကြောင်း ပီအက်စ်ဂျီနည်းပြက အတည်ပြု ပြောပါတယ်။
မက်ဆီဟာ အာဂျင်တီးနားနိုင်ငံမှာ ကမ္ဘာ့ဖလား ချန်ပီယံဆုဖလားနဲ့ လှည့်လည်အောင်ပွဲခံခဲ့ပြီးနောက် မွေးရပ်မြေမှာပဲ ဆက်လက်အနားယူနေတာပါ။
လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်အထိ အာဂျင်တီးနားမှာပဲ မက်ဆီ ဆက်ရှိမှာဖြစ်ပြီး နောက်တနေ့မှာ အသင်းနဲ့ ပူးပေါင်းမှာဖြစ်တယ်လို့ နည်းပြဂယ်တီယာက ပြောပါတယ်။
“အာဂျင်တီးနားမှာ အောင်ပွဲခံအခမ်းအနားတွေ လုပ်ခဲ့တာကြောင့် ဇန်နဝါရီ ၁ ရက်နေ့အထိ သူ့ကို အနားပေးထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဇန်နဝါရီ ၂ ရက်၊ ၃ ရက်မှ အသင်းဆီ ရောက်လာပါလိမ့်မယ်” လို့ ပီအက်စ်ဂျီနည်းပြ ဂယ်တီယာက ပြောပါတယ်။
မက်ဆီဟာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့လည်း နှုတ်အားဖြင့် သဘောတူညီမှုရထားပြီး မကြာခင်မှာ စာချုပ်ချုပ်ဆိုသွားဖို့လည်း ရှိပါတယ်။