မြောက်ကိုရီးယားစစ်တပ်အတွက် ရည်မှန်းချက်အသစ်များ ကင်မ်ဂျုံအန်း ထုတ်ဖော်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အာဏာရ အလုပ်သမားပါတီ အစည်းအဝေးမှာ ၂၀၂၃ ခုနှစ်အတွက် နိုင်ငံစစ်တပ်ရဲ့ ရည်မှန်းချက်အသစ်တွေကို ထုတ်ဖော်ပြသခဲ့တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဒီဇင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
ပါတီရဲ့ ၈ ကြိမ်မြောက် ဗဟိုကော်မတီ ဆဋ္ဌမအကြိမ် တိုးချဲ့အစည်းအဝေး ဒုတိယနေ့မှာ ကင်မ်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ်မှာ အသစ်ဖန်တီးထားတဲ့ စိန်ခေါ်မှုအခြေအနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးရှုခင်းတွေကို ပြန်လည်သုံးသပ်ခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ တတိယမျိုးဆက်ခေါင်းဆောင် ကင်မ်ဟာ “ရန်သူဆန့်ကျင်ရေးတိုက်ပွဲ” အတွက် ဦးတည်ချက်နဲ့ ကာကွယ်ရေးစွမ်းအားကို မြှင့်တင်ဖို့ ရည်မှန်းချက်တွေ ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ရည်မှန်းချက်တွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မဖော်ပြထားပေမဲ့ ကင်မ်ဂျုံအန်းရဲ့ မှတ်ချက်တွေက အထီးကျန် မြောက်ကိုရီးယားဟာ သူ့ရဲ့ စစ်ရေးတည်ဆောက်မှုကို ဆက်အရှိန်မြှင့်နေဦးမယ်ဆိုတာ ညွှန်ပြနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း မကြုံစဘူး ဒုံးကျည်အရေအတွက်ကို ပစ်ခတ်ခဲ့တာပါ။ အဲဒီဒုံးကျည် အများအပြားဟာ ၂၀၂၁ ခုနှစ် အစောပိုင်းက အလုပ်သမားပါတီကွန်ဂရက်မှာ ချမှတ်ထားတဲ့ ငါးနှစ်စီမံကိန်းအရ “ထိပ်တန်းဦးစားပေး” မဟာဗျူဟာမြောက် လက်နက်တွေ ထုတ်လုပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒုံးကျည်တွေလို့ ရိုက်တာသတင်းဌာနက ကြေညာထားပါတယ်။