close

ပုသိမ်တွင် တစ်သောင်းစား တပ်ထောက်ခံသူများ နေ့စားခယူပြီး ဆန္ဒပြ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဒီဇင်ဘာ ၂၉ ရက် ဒီမနက်ပိုင်း စစ်ကောင်စီက တပ်ထောက်ခံသူတွေကို ကျပ် ၁၀,၀၀၀ ပေးပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ဆန္ဒပြခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဆန္ဒပြပွဲပြုလုပ်ဖို့အတွက် ကြံ့ခိုင်ရေးပါတီဝင်တွေက တပ်ထောက်ခံသူတွေကို တယောက် ကျပ် ၁၀,၀၀၀ ပေးကာစည်းရုံး လူစုပြီး အမှတ် ၃ ရပ်ကွက်၊ မဟာဗန္ဓုလလမ်းက ဂေါက်ကွင်းရှေ့မှာ ဆန္ဒပြပွဲ ပြုလုပ်ခဲ့တာလို့ ပါတီနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနက်ပိုင်းကလုပ်တာ၊ ပုသိမ်ဂေါက်ကွင်းရှေ့မှာ တယောက် ၁၀,၀၀၀ ပေးပြီး လူစုရတယ်ပြောတယ်။ ဒါတောင် သိပ်မလာဘူး၊ အားလုံး အယောက် ၅၀ လောက်ပဲလာတယ်။ ရွာတွေဘက်က လူတွေကို စုရတာ၊ မြို့ပေါ်ကတော့ နည်းနည်းပါတယ်။”

ငွေပေးစည်းရုံးထားတဲ့ လူဦးရေ ၅၀ နီးပါးဟာ ပုသိမ်ဂေါက်ကွင်းရှေ့မှာ ကုလကို ဆန့်ကျင်ကြောင်းနဲ့ NUG အစိုးရ PDF တို့ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ရာမှာ ရဲတပ်ဖွဲ့က ယူနီဖောင်းနဲ့ရော အရပ်ဝတ်တွေနဲ့ပါ အင်အား ၂၀ လောက်သုံးပြီး လုံခြုံရေးယူပေးခဲ့ပါတယ်။

ဆန္ဒပြပွဲကို ကြံ့ခိုင်ရေးပါတီဝင်တွေ၊ စစ်ကောင်စီ ပြန်ကြားရေးလက်အောက်ခံ ပြန်ဆက်နဲ့ စစ်အုပ်စုလော်ဘီလုပ်တဲ့ သတင်းဌာနတွေက သတင်းလာယူတာ၊ ဓာတ်ပုံရိုက်တာတွေ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာလည်း မဘသနဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေအပါအဝင်  တပ်ထောက်ခံတဲ့ နေ့စားသမားတွေက  အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးရှေ့ သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးပစ်ခတ် သတ်ဖြတ်နေချိန်မှာ  တပ်ထောက်ခံသူတွေကတော့ လုံခြုံရေးအစောင့်အကျပ်တွေနဲ့ ဆန္ဒပြခွင့် ရနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up