close

ရခိုင်နှင့် ဧရာဝတီတိုင်းကို ဆက်သွယ်ထားသည့် ဂွချောင်းတံတားသစ် ဖွင့်လှစ်

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းကို ဆက်သွယ်ထားတဲ့ ဂွချောင်းတံတားကို ဒီဇင်ဘာ ၂၇ ရက် မနက် ၉ နာရီမှာ ဖွင့်လှစ်ခဲ့တယ်လို့  ရခိုင်ပြည်နယ်လမ်းတံတားဦးစီးဌာန တာဝန်ရှိသူတွေဆီက သိရပါတယ်။

လမ်းတံတားဦးစီးဌာန တာဝန်ရှိသူတဦးက “ဒီတံတားကို ၃ နှစ်လောက် တည်ဆောက်ခဲ့ကြရတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းသွားတော့ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်လာတော့မှာပေါ့” လို့ ပြောပါတယ်။

ဂွ-ချောင်းတံတားပြီးသွားတဲ့အတွက် ရခိုင်ပြည်နယ်၊  ဂွမြို့တဘက်ကမ်းရှိ ကမ်းခြေကျေးရွာတွေ အပါအဝင် ဧရာဝတီကမ်းခြေတလျှောက်ရှိ ကျေးရွာတွေကို ဂွချောင်းတံတားကတဆင့် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်တော့မှာဖြစ်သလို ရခိုင်၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းက ပြည်သူတွေအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေနဲ့ ဒေသအတွင်း ခရီးသွားလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဂွဒေသခံ လူကြီးတစ်ဦးက “ကျနော်တို့ ရခိုင်ပြည်နယ်အတွက် အလွန်အရေးပါတဲ့ လမ်းတံတားလို့ ပြောလို့ရပါတယ်။ ရခိုင်ရိုးမကို ကျော်ပြီးမှ သွားလာနေရတာက မိုးရာသီဆိုရင် အလွန်အခက်အခဲရှိတယ်။ အန္တရာယ်လည်း များတယ်လေ။ အခုလို မြေပြန့်က လမ်းတခုဖြစ်တဲ့ ဂွချောင်းတံတား ပြီးသွားပြီဆိုတော့ ပြည်မနဲ့ ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းဖို့ အလွန်အဆင်ပြေသွားမှာပါ” လို့ ဆိုပါတယ်။

အဆိုပါ တံတားဖွင့်ပွဲကို စစ်ကောင်စီဘက်က ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနဲ့ ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းတို့ တက်ရောက်ခဲ့​ကြပြီး ရခိုင်ပြည်နယ်ကို စစ်ကောင်စီတပ်တွေ စေလွှတ်ဖို့နဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ ပိုမိုလွယ်ကူသွားပြီ ဖြစ်ပါတယ်။

အဆိုပါတံတားဟာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဂွ-ကျောက်ချွန် လမ်းပေါ်မှာ တည်ရှိပြီး ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မြောက်ပိုင်းသို့ ဆက်သွယ်ထားတဲ့ တံတားလည်း ဖြစ်ပါတယ်။

တံတားအရှည်မှာ ၁၃၉၈ ပေ ၉ လက်မရှိပြီး အချင်း ၁ ဒသမ ၂ မီတာ ဘိုးပိုင်အုတ်မြစ်နဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ သံကူကွန်ကရစ်တံတားဖြစ်​တဲ့အတွက် HL-93 တန်ချိန် ဖြတ်သန်းနိုင်တယ်လို့  ရခိုင်ပြည်နယ် လမ်းတံတားဦးစီးဌာနကနေ သိရပါတယ်။

ဂွချောင်းတံတားကို ကျပ်သန်းပေါင်း ၈,၉ဝဝ အကုန်အကျခံပြီး အန်အယ်လ်ဒီအစိုးရလက်ထက် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ စတင်တည်ဆောက်ထားပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up