close

ကော့သောင်းအုပ်ချုပ်ရေးမှူးများအား ရွေးကောက်ပွဲသင်တန်းပို့ချ၊ ပုလောရွေးကောက်ပွဲအစည်း အဝေး ပျက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်မှာ စစ်‌ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအတွက် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကို ခေါ်ယူပြီး သင်တန်းပို့ချခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့သောင်းမြို့နယ် မဉ္ဇူသကခန်းမမှာ ဒီဇင်ဘာ ၂၇ ရက်က ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေကို လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သင်တန်းတွေ သင်ကြားပို့ချပေး‌‌နေတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတဦးက “အုပ်ချုပ်ရေးမှူးတွေ ရာအိမ်မှူးတွေ အားလုံးတက်ရတယ်လို့‌ ပြောတယ်။ အိမ်ထောင်စု လူဦးရေစာရင်းတွေ ကောက်ခံဖို့အတွက် သင်တန်း‌ပေးတယ်လို့ သိရတယ်ဗျ။ ဘာတွေဖြစ်လာမလဲမသိတော့ စောင့်ကြည့်ရမယ်ထင်တယ်” လို့‌ ပြောပါတယ်။

အဆိုပါသင်တန်းမှာ လာမယ့်ရွေးကောက်ပွဲအတွက် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ခံတာအတွက်လို့ သိရပြီး ပြည်သူတွေအပေါ် မတရားနည်းနဲ့ ကောက်ခံသွားမှာကို စိုးရိမ်ကြောင်း ဒေသခံပြည်သူတဦးက ဆိုပါတယ်။

ကော့သောင်းမြို့ဒေသခံတဦးက “သူတို့ကတော့ အိမ်ထောင်စုလုပ်ပေးမယ်တို့ ဘာလုပ်ပေးမယ်တို့ ဆိုပြီး မက်လုံးတခုခု ပေးမှာပဲလေ။ ကျနော်ကတော့ အားမပေးဘူး၊ စိတ်လည်း မဝင်စားဘူး။ ဒီရွေးကောက်ပွဲကလည်း ဖြစ်လာမှာလည်း မဟုတ်ဘူး။ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အပင်ပန်းခံ ကူညီခဲ့တာတွေ သဲ​ထဲရေသွန်သလို အဖြစ်မခံနိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ မလိုလားကြသလို စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ဒေသခံ ပြည်သူ‌တွေက ဆိုပါတယ်။

တနင်္သာရီတိုင်း၊ ပုလောမြို့ မြို့နယ်ခန်းမမှာ စစ်ကောင်စီဘက်က လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၂၈ ရက်က အစည်းအဝေးပြုလုပ်ခဲ့ပေမဲ့ တာဝန်ခံမယ့်သူမရှိလို့ ဆုံးဖြတ်ချက်မကျဘဲ အစည်းအဝေး ပျက်သွားတယ်လို့ နီးစပ်သူတဦးက ပြောပါတယ်။

“ကျနော်တို့ သိထားသလောက်ကတော့ သူတို့ဟာ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတာပါ။ အဲ့အစည်းအဝေးမှာ ရွေးကောက်ပွဲလုပ်ရင် ပြည်သူ့ကာကွယ်ရေးတပ်တွေ လာမပစ်ပါဘူးလို့ အာမခံပေးမယ့်သူ မရှိနေဘူး။ ဒါကြောင့် အစည်းအဝေး ပျက်ရတာပါ။”

စစ်ကောင်စီဘက်ကလည်း လာမယ့်နှစ်မှာ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပဖို့အတွက် မြန်မာနိုင်ငံအနှံ့ လိုက်လံစည်းရုံးတာတွေ ကြိုတင်ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြိတ်ခရိုင် တပ်ရင်း-၁ သတင်းနဲ့ပြည်ကြားရေးတာဝန်ခံက “ယာယီသမ္မတကတောင် ပြောထားတာလေ၊ အတုအယောင် ရွေးကောက်ပွဲကို မပျက်ပျက်အောင် ဆန့်ကျင်ရမယ်လို့။ ဒါကြောင့် ကျနော်တို့ဘက်က လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက “အထူးသဖြင့် စစ်ကောင်စီက ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တုံ့ပြန်မယ့်ကိစ္စဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up