close

လောပိတဒေသခံ အမျိုးသား ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ကရင်နီ (ကယား) ပြည်နယ်၊ လွှိုင်ကော်မြို့နယ်၊ လောပိတမြို့၊ လောပိတရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားတဦးကို  PDF ကို ငွေကြေးထောက်ပံ့မှုအပြင် ဖေ့စ်ဘွတ်ခ်မှာ NUG၊ CRPH၊ PDF အဖွဲ့တွေကို ထောက်ခံတဲ့ပို့စ်တွေ ရေးသားဖြန့်ဝေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူမှာ လောပိတရပ်ကွက်မှ ကိုနေလင်းထွန်း (ခ) နေထွန်းဖြစ်ပြီး ဒီဇင်ဘာ ၂၈ ရက်က PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့နေတယ်လို့ သတင်းရတဲ့အတွက် စစ်ကောင်စီတပ်က သွားရောက်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဝါဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်က ကိုနေလင်းထွန်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ နိုင်ငံတော်အစိုးရနဲ့ စစ်တပ်အပေါ် အကြည်ညိုပျက်ပြားအောင် ရည်ရွယ်ပြီး ကိုယ်တိုင်ရေးသားဖြန့်ဝေတာတွေ ပြုလုပ်ထားပြီး လက်ကိုင်ဖုန်းထဲမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အဖွဲ့အတွက် ငွေကြေးထောက်ပံ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တဲ့အပြင် ဗိုက်ဘာနဲ့ မက်ဆင်ဂျာတွေမှာ PDF တပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တာတွေ ပြုလုပ်ထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

ကိုနေလင်းထွန်းကို ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် ခြေရာခံကာ လိုက်လံဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up