close

မုံရွာတွင် ပျူ‌စောထီးများ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သဖြင့် ခင်ဦးပြည်သူ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ချောင်းဦး ကားလမ်းမှာ တောပုရွာက ပျူစောထီး ခေါင်းဆောင်တဦးနဲ့ တပ်ဖွဲ့ဝင် ၂ ဦး၊ အမျိုးသမီး ၁ ဦး လိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ဒီဇင် ဘာ ၂၉ ရက်‌ နေ့လယ်မှာ PDF–South Monywa-V2 ပူးပေါင်းတပ်ဖွဲ့က ပစ်ခတ်ခဲ့ရာ ပျူစောထီး ခေါင်းဆောင်နဲ့ ကားပေါ်ပါလာသူ ၂ ဦး သေဆုံးခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“တောပုရွာအထွက် ဆိုင်းဘုတ်နားအရောက်မှာ ပစ်ခတ်ခဲ့တာ၊ ပျူတွေလာမယ်ဆိုတာ သတင်းရလို့ စောင့်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ တောပုရွာက ပျူခေါင်းဆောင်က အရင်က စစ်မှုထမ်းဟောင်း။ ကားပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦးကိုတော့ ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးလိုက်ပါတယ်။”

ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာမှာ ကားက အခုချိန်ထိ ရှိနေတုန်းဖြစ်ပြီး အနီးနား ပတ်ဝန်းကျင်မှာတော့ ပျူစောထီးတပ်ဖွဲ့တွေ ကင်းပုန်းတွေချထားတယ်လို့ ပြောပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကို People’s Defence Force – South Monywa နဲ့အတူ Anyar Defense Force / Garuda King Monywa တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၊ ဝါရုံကုန်းကျေးရွာကို ဒီဇင်ဘာ ၂၈ ရက် ညနေ ၅ နာရီခွဲလောက်က စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်တဲ့အတွက် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါပစ်ခတ်မှုကို စစ်ကောင်စီလက်အောက်ခံ ရွှေဘိုလေ့ကျင့်ရေး ၈ မှ ပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခင်ဦးဒေသခံ ပြည်သူတဦးက “ထိခိုက်တာက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၃ ဦး၊ ပေါင်း ၄ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်ဗျ။ ကိုယ့်ရွာထဲ ကို‌ယ့်‌နေရာတောင် အသက်အန္တရာယ်ကတော့ အတော်လေးကို စိုးရိမ်ရတယ်ဗျာ။ စစ်ကောင်စီအနေနဲ့ ရွာတွေ အခုလို လက်နက်ကြီးနဲ့ လိုက်ပစ်တာတော့ မလုပ်သင့်ဘူးဗျ။ သူတို့ကို မကြိုက်တဲ့သူကိုတောင် ကြိုက်လာအောင် စည်းရုံးရမယ့်အစား အဲလိုပစ်နေတာတော့ ပြည်သူတွေ သေရုံပဲရှိမယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ က ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ပစ်ခတ်တာကြောင့် ခင်ဦးမြို့နယ် ရေအေးကုန်းရွာက ဒေသခံအမျိုးသားတဦး လက်နက်ကြီးကျည် ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီက ကျေးရွာတွေကို ၃ ရက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up