အိုလံပစ်ရွှေတံဆိပ် ၃ ဆုရှင် မက်သိုင်းရက်စ်မေယာ နှင်းလျှောစီး အားကစားသမားဘဝမှ အနားယူမည်

အိုလံပစ်ရွှေတံဆိပ် ၃ ဆုရှင် သြစတြီးယားနိုင်ငံသား မက်သိုင်းရက်စ်မေယာဟာ နှင်းလျှောစီး အားကစားသမားဘဝကနေ အနားယူတော့မယ်လို့ ဒီဇင်ဘာ ၂၉ ရက်က အီတလီနိုင်ငံ၊ ဘော်မီယိုမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ကို ရက်ပေါင်းများစွာ စဉ်းစားသုံးသပ်ပြီးမှ လုပ်ဆောင်ခဲ့ဖြစ်တယ်လို့ ဒီနှစ် ဘေဂျင်း ဆောင်းရာသီအားကစားပြိုင်ပွဲမှာ အောင်မြင်မှု ရရှိခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် မက်သိုင်းရက်စ်က ပြောခဲ့တာပါ။
မက်သိုင်းရက်စ်ဟာပြီးခဲ့တဲ့နောက်ဆုံး ဆောင်းရာသီအားကစားပြိုင်ပွဲက စူပါဂျီနှင်းလျှောစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့သလို တောင်ဆင်း နှင်းလျှောစီးပြိုင်ပွဲမှာလည်း ကြေးတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်၊ တောင်ကိုရီးယား ဖြောင်ချန်းအိုလံပစ် ပြိုင်ပွဲတုန်းက စူပါဂျီနှင်းလျှောစီးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့ မက်သိုင်းရက်စ်ဟာ ၂၀၁၄ ခုနှစ်၊ ရုရှားဆိုချီ အိုလံပစ်ပြိုင်ပွဲရဲ့ တောင်ဆင်းနှင်းလျှောစီးပြိုင်ပွဲမှာလည်း ရွှေတံဆိပ် ရယူနိုင်ခဲ့တာကြောင့် အိုလံပစ်ရွှေတံဆိပ်ဆု ၃ ဆုရှင် ဖြစ်လာခဲ့ပါတယ်။
ဒီ အိုလံပစ်ရွှေတံဆိပ်ဆုတွေအပြင် နှင်းလျှောစီး ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာလည်း အောင်မြင်မှု ၁၁ ကြိမ်အထိ ရရှိခဲ့သူဖြစ်ပါတယ်။
မက်သိုင်းရက်စ်က ဘော်မီယိုမြို့မှာ ကျင်းပမယ့် စူပါဂျီကမ္ဘာ့ဖလား နှင်းလျှောစီးပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့နှောင်းပိုင်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။