ဘရိုက်တန်ကို အနိုင်ယူခဲ့သည့်အာဆင်နယ် ဒုတိယနေရာက မန်စီးတီးကို ၇ မှတ်ဖြတ်ဦးဆောင်

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားသွားတဲ့ပွဲစဉ်မှာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒုတိယနေရာကမန်စီးတီးကို ၇မှတ်ဖြတ်ဦးဆောင်ခဲ့ပါတယ်။
မန်စီးတီးက အစောပိုင်းပွဲစဉ်မှာအဲဗာတန်နဲ့ တစ်ဂိုးစီသကျေခဲ့တာကြောင့် အာဆင်နယ်က ၇ မှတ်အထိ ဖြတ်နိုင်ခဲ့တာပါ။
ပွဲစဉ် ၁၆အပြီးမှာ ၇ မှတ်ဖြတ်နိုင်ခဲ့တာက ဘာမှမဟုတ်သေးဘဲ ခြေစွမ်းတိုးတက်လာဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ နည်းပြအာတေတာက ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာပြောခဲ့ပါတယ်။
ပွဲမတိုင်ခင်ကတည်းက မန်စီးတီးအသင်း သရေရလဒ်ထွက်ပေါ်ခဲ့တာကို သိရှိပေမဲ့ ဘရိုက်တန်ကွင်းမှာ အကောင်းဆုံးခြေစွမ်းပြသပြီး အနိုင်ရလဒ်ရယူဖို့က အရင်က တည်းက စိတ်ဖြတ်ပြီးသားကိစ္စဖြစ်တယ်လို့ နည်းပြအာတေတာကပြောပါတယ်။
“ကျနော်တို့အသင်းက တိုးတက်လာဖို့လိုအပ်နေတဲ့အရာတွေအများကြီးရှိပါသေးတယ်။ အထူးသဖြင့် ခံစစ်ပိုင်း စွမ်းဆောင်ရည်ဖြစ်တယ်။ ၇ မှတ်ဖြတ်နိုင်ရုံနဲ့ ဘာမှမဟုတ်သေးဘဲ ကျနော်တို့ ရည်မှန်းထားတာက နေ့စဉ်နဲ့အမျှခြေစွမ်းတိုးတက်ဖို့သာဖြစ်တယ်” လို့ နည်းပြအာတေတာက ပြောပါတယ်။
အာဆင်နယ်ကြယ်ပွင့် ဆာကာကတော့ ပြိုင်ဘက်မန်စီးတီးရဲ့ အမှတ်ဆုံးရှုံးမှုက စိတ်ဓာတ် လှုံဆော်မှုပေးနိုင်ခဲ့တယ်လို့ ပွဲအပြီးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အပြီးမှာ ၁၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနဲ့ ရမှတ် ၄၃ မှတ်အထိစုဆောင်းနိုင်ခဲ့လို့ အင်္ဂလန်အဆင့်အမြင့်ဆုံးလိဂ်ပြိုင်ပွဲသမိုင်းမှာ ရမှတ်အများဆုံးရရှိတဲ့ ပဉ္စမမြောက်အသင်း ဖြစ်ခဲ့ပါတယ်။
ပွဲစဉ် ၁၆ အပြီး အမှတ်အများဆုံးရရှိခဲ့တဲ့ တခြားအသင်းတွေက ၁၉၆၀-၆၁ ရာသီမှာ စပါးအသင်း၊ ၂၀၀၅-၂၀၀၆ ရာသီမှာချဲလ်ဆီးအသင်း၊ ၂၀၁၇-၂၀၁၈ ရာသီမှာ မန်စီးတီးအသင်းနဲ့ ၂၀၁၉-၂၀၂၀ ရာသီက လီဗာပူးအသင်းတို့ဖြစ်ပါတယ်။
အာဆင်နယ်ဟာ လာမယ့်ကြားရက်မှာ နယူးကာဆယ်နဲ့ ကစားအပြီးမှာ စပါး၊ မန်ယူ အသင်းတွေနဲ့ဆက်တိုက်တွေ့ဆုံနေပါတယ်။