close

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူ ၁ သိန်း ၈ သောင်းရှိ

ဒီနှစ် မတ်လ ၈ ရက်နေ့ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုဖို့ လျှောက်ထားတဲ့အရေအတွက်ဟာ တစ်သိန်းရှစ်သောင်းလောက်ရှိနေပြီလို့ စစ်ကောင်စီပညာရေးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက သိရပါတယ်။

၂၀၂၃ ခုနှစ် မတ်လမှာ ကျင်းပမယ့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့အတွက် ပြင်ပကနေ လျှောက်ထားလာတဲ့ အရေအတွက်ဟာ တစ်သိန်းရှစ်သောင်းလောက်အထိရှိလာပြီးတော့ ဖြေဆိုခွင့်လျှောက်လွှာတွေကို ဆက်လက်လက်ခံပေးနေတာကြောင့် တစ်သိန်းရှစ်သောင်းကျော်အထိ ရှိလာနိုင်တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ပြောပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ ကျရှုံးသူတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက်ဖြေဆိုခြင်း မရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်း တက္ကသိုလ်ဝင်စာမေးပွဲကို နောက်ဆုံးအကြိမ်အဖြစ် ဒီနှစ် မတ်လအတွင်း ကျင်းပပေးမှာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာတွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အတွင်း  လျှောက်ထားရမယ်လို့ကြေညာခဲ့ပြီး သတ်မှတ်ကာလ ကျော်လွန်နေပြီ ဖြစ်ပေမယ့် သင်ရိုးစနစ်ဟောင်းအတွက် နောက်ဆုံးအကြိမ်အဖြစ် ကျင်းပမယ့် စာမေးပွဲဖြစ်တာကြောင့် ဝင်ရောက်ဖြေဆိုဖို့ လျှောက်လွှာတင်လိုသူတွေအနေနဲ့ ကျောင်းတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေမှာ လျှောက်ထားမှု နောက်ကျရတဲ့အကြောင်းအရင်းကိုဖော်ပြပြီး လျှောက်ထားခွင့် ဆက်လက်ပေးထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာထားပါတယ်။

အဲ့ဒီ ကျောင်းတွေ၊ ရုံးတွေက လက်မခံတော့ရင် အမှန်တကယ် ဖြေဆိုလိုသူတွေအနေနဲ့ အခွင့်အရေးမဆုံးရှုံးစေဖို့ နေပြည်တော် ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကို တိုက်ရိုက် လာရောက်လျှောက်ထားမယ်ဆိုရင် ခြွင်းချက်အနေနဲ့ လက်ခံပေးမယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်က ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဖြေဆိုခွင့်လျှောက်ထားသူ ၉ သိန်းကျော်ရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ လျှောက်ထားသူဟာ ၃ သိန်းဝန်းကျင်လောက်ပဲရှိခဲ့ပါတယ်။

ဒီနှစ်မှာ တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၈ ရက်မှာ မြန်မာစာ၊ မတ် ၉ ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၀ ရက်မှာ သင်္ချာ ၊ မတ် ၁၃ ရက်မှာ ဓာတုဗေဒ၊ မတ် ၁၄ ရက်မှာ ရူပဗေဒ၊ မတ် ၁၅ ရက်မှာ ဇီဝဗေဒနဲ့ ဘောဂဗေဒ ၊ မတ် ၁၆ ရက်မှာ ပထဝီဝင် ၊ မတ် ၁၇ ရက်မှာ သမိုင်း နဲ့ မတ် ၁၈ ရက်မှာ စိတ်ကြိုက် မြန်မာစာတို့ကို ဖြေဆိုရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up