close

ရွှေဝယ်သူခရီးသည်တင်ယာဉ် ဓားပြတိုက်ခံရ၊ ရေး-သံဖြူဇရပ်လမ်းတွင် စစ်တပ်ကား ၃ စီး ပစ်ခတ်ခံရ

ရန်ကုန်-ထားဝယ်-မြိတ် ခရီးသည်ယာဉ်တစီး ရေး-သံဖြူဇရပ်ကားလမ်းပိုင်းရှိ ကနင်ကမော့ဘက်နေရာ အနီးနားမှာ ဇန်နဝါရီ ၂ ရက် မနက် ၅ နာရီလောက်က ဓားပြတိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရန်ကုန်ကနေ မြိတ်ကိုသွားမယ့် ရွှေဝယ်သူကား ဓားပြတိုက်ခံရတာဖြစ်ပြီး ခရီးသည်တွေကို သေနတ်ပြ ခြိမ်းခြောက်ကာ လက်ဝတ်ရတနာ၊ ရွှေ ငွေ ဖုန်းတွေပါ အကုန်ယူသွားပြီး လူတွေကိုတော့ ဘာမှမလုပ်ဘူးလို့ ခရီးသည်ယာဥ်လိုင်းသမားတွေက ပြောပါတယ်။

“ဓားပြတိုက်တဲ့သူတွေဟာ လုပ်သေနတ်နဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီးတော့ သာမန်အရပ်သားတွေလိုပဲ ဝတ်ထားကြပါတယ်။ ကားပေါ်ပါလာသူတွေဆီက တန်ဖိုးရှိတဲ့ အရာတွေကို အကုန်လုံးနီးပါး ယူဆောင်သွားခဲ့တယ်” လို့ ရွှေဝယ်သူယာဥ်လိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းပိုင်းနေရာမှာ ပြီးခဲ့တဲ့နှစ်တွေကလည်း ခရီးသည်တင်ယာဉ်တွေ အခုလို ဓားပြတိုက်ခံခဲ့ရဖူးပြီး ရေး-သံဖြူဇရပ် မလွှဲတောင်နေရာတွေဘက်မှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကိုင်ပြီး ခရီးသည်တင်ယာဉ်တွေအား ဓားပြတိုက်မှုကို သေချာစုံစမ်းကာ ဖြစ်စဥ်အမှန်ကို ဖော်ထုတ်အရေးယူသွားမှာဖြစ်ကြောင်း၊ အလားတူမျိုးမဖြစ်အောင် ကာကွယ်သွားမယ်လို့ ရေးမြောက်ပိုင်း PDF က ပြောပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်း ဝဲခမိကျေးရွာအနီး အသံလွှင့်ရုံဟောင်းရှေ့မှာ လမ်းကင်းချနေတဲ့ စစ်ကောင်စီတပ် ကား ၃ စီးကို ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီလောက်မှာ တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့တို့ ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ တောင်ညိုပြောက်ကျားတပ်ဖွဲ့က ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး တောင်ညိုပြောက်ကျားတပ်ဖွဲ့က ထိခိုက်ဒဏ်ရာရရှိတာ ရှိမရှိကိုတော့ မဖော်ပြထားပါဘူး။

ရေး-သံဖြူဇရပ်ကားလမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပြီးခဲ့တဲ့နှစ်တွေထဲမှာ မကြာခဏ ချုံခိုတိုက်ခိုက်ခံရလေ့ရှိပြီး ထိခိုက်အကျအဆုံး အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

ရေး-သံဖြူဇရပ်ကားလမ်းကို သွားလာနေကြတဲ့ ခရီးသွားကားတွေ စစ်ကောင်တပ်ဖွဲ့ ကားတွေနဲ့ ကပ်မလိုက်ဖို့ PDF တပ်ဖွဲ့တွေက သတိပေးထားပါတယ်။

စစ်ကောင်စီတပ်နဲ့ တောင်ညိုပြောက်ကျားပူးပေါင်းအဖွဲ့တွေအကြား တိုက်ပွဲတွေမှာ အရပ်သား ၃ ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ထက်မနည်း ရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up