close

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းဘေးမှာရှိတဲ့ ကွင်းကိုးကြံ စိုက်ပျိုးရေးတပ်ကို ဇန်နဝါရီ ၁ ရက် ည ၁၁ လောက်က ကန့်ဘလူမြို့နယ် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ၆၀ မမ ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က သိရပါတယ်။

အဆိုပါ ကြံစိုက်ခင်းကွင်းကိုးမှာ အထိုင်ယူထားတဲ့ တပ်သားတွေက အနားကရွာတွေဖြစ်တဲ့ ပေကြီး၊ ငှက်ပျောတိုင်း၊ ယမနေနဲ့ ခတုန်းတာရွာ စတဲ့ရွာက ဒေသခံတွေကို ပျူသင်တန်းတက်ဖို့ ဖိအားပေး ခြိမ်းခြောက်တာတွေရှိသလို ရွာတွေကိုမီးရှို့ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူနေလို့အခုလို တိုက်ခိုက်ရတာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အရင်က အဲဒီနေရာက ကြံစိုက်တဲ့ကွင်း နံပါတ်ကိုးကိုခေါ်ရင်း ကွင်းကိုးကြံစိုက်ခင်းလို့ ခေါ်ကြတာ။ အရင်ကတော့ စစ်တပ်က အဲဒီကကြံတွေကို ဇီးကုန်းသကြားစက်ကိုပို့ပြီး သကြားတွေ အရက်တွေချက်တာ။ အခုနောက်ပိုင်းမှာ အဲဒီနေရာက စစ်ရေးအရ အရေးပါလာတော့ ကြံစိုက်တဲ့တပ်သားတွေကို သေနတ်ပေးပြီး ကွင်းကိုးမှာ အထိုင်တပ် လုပ်ထားတာ။ သူတို့က အနားကရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို ခြိမ်းခြောက် လုယက်တာတွေအပြင် ပြည်သူတွေကိုဖမ်းပြီး မတန်တဆနဲ့ ပြန်လာရွေးခိုင်းတာတွေလုပ်လို့ အခုလို မဟာမိတ်ညီနောင်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။”

အဆိုပါ ကိုးကွင်းကြံစိုက်ခင်းထဲက အထိုင်ယူထားတဲ့တပ်မှာ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်စဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“အပြန်အလှန်ပစ်ခတ်မှု ဖြစ်တာကတော့ ခဏလောက်ပါပဲ။ စစ်သားနဲ့ ပျူ စုစုပေါင်း အင်အား ၆၀ လောက်ရှိတယ်။ စစ်(--)အစစ်က ၃၀ လောက်ပါတယ်။ သူတို့က အပြင်တောင်မထွက်ဘဲ အထဲကနေ ရမ်းသန်းပြန်ပစ်တာပါ။ ကျနော်တို့ မဟာမိတ်အဖွဲ့ဝင်တွေအနေနဲ့ အထိအခိုက်မရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ သူတို့က‌တော့ ထိခိုက်နိုင်တယ်၊ ထိခိုက်မှု အခြေအနေကိုလည်း စုံစမ်းနေပါတယ်။”

အဆိုပါတိုက်ခိုက်မှုကို Kanbalu Underground Warriors၊ မြေပြင်လှုပ်ရှားညီနောင်များ၊ လင်းယုန်နီ၊ ကန့်ဘလူမြို့နယ် ပကဖ၊ MPF U.18 နဲ့ ကန့်ဘလူတောင်ဘက်ခြမ်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up