မြောက်ကိုရီးယား ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ပတ်ခ်ဂျုံချွန် ရာထူးက ထုတ်ပယ်ခံရ

မြောက်ကိုရီးယားနိုင်ငံမှာ ခေါင်းဆောင်ကင်မ်ဂျုံအန်း ပြီးရင် ဒုတိယအာဏာအရှိဆုံး စစ်ဘက်အရာရှိ ပတ်ခ်ဂျုံချွန်ကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁ ရက်မှာ ထုတ်လွှင့်သွားပါတယ်။
အာဏာရ အလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌနဲ့ ပါတီဗဟိုကော်မတီ အတွင်းရေးမှူး ပတ်ခ်ကို ပြီးခဲ့တဲ့ အပတ်က ကော်မတီရဲ့ အဓိကအစည်းအဝေးမှာ ရိယောင်ဂီလ်နဲ့ အစားထိုးခဲ့တယ်လို့ အစိုးရပိုင် ရုပ်မြင်သံကြား KRT ရဲ့ သတင်းကြေညာသူက ပြောပါတယ်။
KRT ရုပ်သံ ဗွီဒီယိုဖိုင်မှာ အစည်းအဝေးအတွင်း တခြားအဖွဲ့ဝင်တွေက ဝန်ထမ်းရေးရာကိစ္စရပ်တွေကို မဲပေးဖို့ လက်မြှောက်ပြနေချိန်မှာ ပတ်ခ်ဟာ စင်မြင့်ရှေ့တန်းမှာ ခေါင်းငုံ့ထိုင်နေတာ မြင်တွေ့ခဲ့ရပြီး နောက်ပိုင်းမှာ သူ့ထိုင်ခုံမှာ သူမရှိတော့တာကို တွေ့ရပါတယ်။
ကင်ဂျုံအန်းဟာ အစည်းအဝေးအတွင်း တပ်မတော်ရဲ့ ခေတ်မီ လက်နက်တွေ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ တခြားနယ်ပယ်တွေမှာတော့ ချို့ယွင်းချက်တချို့ကို ထောက်ပြခဲ့ပြီး တိုးတက်မှုရှိဖို့ တောင်းဆိုခဲ့ချိန်မှာ ပတ်ခ်ကို ထုတ်ပယ်တဲ့ကိစ္စ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။