close

မြို့ပြပြောက်ကျားရုပ်ရှင် ဒါရိုက်တာ သည်ခေတ်နေ ရိုက်ကူးမည်

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားရတဲ့ ကိုဇေယျာသော်နဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒါရိုက်တာ သည်ခေတ်နေက မြို့ပြပြောက်ကျား (Urban Guerrillas) အမည်ရှိတဲ့ ရုပ်ရှင်ကို ရိုက်ကူးမှာဖြစ်ပြီး ဖေဖော်ဝါရီလမှာမြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ပြသသွားဖို့စီစဉ်နေပါတယ်။

၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေမှာပါရှိတဲ့ “သေဒဏ်ကျခံရမည့် အကျဉ်းသား ၄ ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင် ဆောင်ရွက်ပြီးစီး” ဆိုတဲ့ ခေါင်းစဉ်ကိုမြင်ပြီး ရုပ်ရှင်ရဲ့ခေါင်းစဉ်နဲ့ ဇာတ်လမ်းကို စိတ်ကူးရေးသားခဲ့တာလို့ ဒါရိုက်တာ သည်ခေတ်နေက ဒီဗွီဘီကို ပြောပါတယ်။

“မြို့ပြပြောက်ကျားရုပ်ရှင်ကို ကျနော်တို့ ဒီ ဇူလိုင် ၁၇ မှာ ဒီသတင်းကို အားလုံး ကြားလိုက်ရတဲ့အချိန်မှာ စိတ်ကူးရခဲ့တာပါ။ ရပြီးတော့ ဇာတ်လမ်းလေး စရေးဖြစ်ခဲ့တာပါ။ ရေးပြီးတော့ ၉ လပိုင်း ၁၀ လပိုင်း ၁၁ ပိုင်းတွေမှာ ရိုက်ကူးရေးအတွက် အားလုံးစပြီး ပြင်ဆင်ခဲ့ပါတယ်။ ပြင်ဆင်တာ အခုထိဆို ၉၀ ရာခိုင်နှုန်းကျော် အဆင်သင့်နီးပါး ဖြစ်နေပါပြီ။ စိတ်ကူးက အဲဒီနေ့ကပဲ စရတာပါ။ ကိုဇေယျာသော်တို့ ဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့ကို အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုသောအားဖြင့် ဇာတ်လမ်းလေးတပုဒ် လုပ်မယ်ဆိုပြီး လုပ်ခဲ့တာပါ။”

မြို့ပြပြောက်ကျားရုပ်ရှင်ကို ဩစတြေးလျနိုင်ငံမှာ ရိုက်ကူးထားပြီး နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ဩစတြေးလျရောက် မြန်မာတွေအကူအညီနဲ့ ရိုက်ကူးထားတာလို့လည်း ဆိုပါတယ်။

မြို့ပြပြောက်ကျား လူငယ်တွေအကြောင်း ပုံဖော်ထားတဲ့ ဒီရုပ်ရှင်အတွက် pre-production နဲ့ post production ကို အချိန်သုံးလကျော် ပြင်ဆင်ခဲ့ရပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာမှာ ပြသနိုင်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

“ဇာတ်လမ်းကတော့ UG လူငယ်နှစ်ယောက်ရဲ့ ဇာတ်လမ်းပေါ့။ နိုင်ငံတကာမှာ ပြသဖို့ရော မြန်မာနိုင်ငံကပါ ကြည့်နိုင်ဖို့ရော စီစဉ်နေပါတယ်။ ဘယ်လိုပုံပြသမယ်ဆိုတာတော့ အသေးစိတ် ထပ်ကြေညာမှာပါ။ ဒီကရတဲ့ ပိုက်ဆံတွေ ၂၅ ရာခိုင်နှုန်းကတော့ ပြမယ့်နိုင်ငံက ပွဲစီစဉ်သူတွေ စိတ်ကြိုက်ဖြစ်မယ့်နေရာ မြေပြင်ကိုရောက်မယ့် နေရာတွေကို လှူပေးသွားမှာပါ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကတော့ MOD နဲ့ UG ပြီးတော့ CDM တွေ အဓိက ကတော့ UG တွေဆီကို MOD အချိတ်အဆက်နဲ့ အကုန်လုံးဆီ သွားမှာဖြစ်ပါတယ်” လို့ သည်ခေတ်နေက ဆက်ပြောပါတယ်။

ဒါရိုက်တာ သည်ခေတ်နေက စစ်ကောင်စီ အာဏာသိမ်းချိန်ကနေ စပြီး တော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ၅၀၅(က) နဲ့ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up