ရုရှားက အီရန်လုပ်ဒရုန်းများသုံးပြီး တိုက်ခိုက်ရန် စီစဉ်နေဟု ယူကရိန်းသမ္မတပြော

ရုရှားက အီရန်လုပ် ရှဟိဒ် ဒရုန်းတွေကို သုံးပြီး ယူကရိန်း ခြေကုန်လက်ပမ်း ကျသွားတဲ့အထိ နှစ်ရှည်လများ အချိန်ဆွဲတိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သတင်းရထားကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဇန်နဝါရီ ၂ ရက်မှာ ပြောလိုက်ပါတယ်။
“ဒါဟာ ဘဏ်လုပ်ငန်းတွေ၊ ပြည်သူတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ စွမ်းအင်တွေ ကုန်ခန်းသွားအောင်လုပ်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျနော်တို့က အကြမ်းဖက်သမားတွေရဲ့ ရည်မှန်းချက်တွေ ကျဆုံးစေဖို့ လုပ်နိုင်သမျှ အကုန် အရေးယူ ဆောင်ရွက်နေတယ်” လို့ ဇလန်းစကီးက ညစဉ်ပြောနေကျ ရုပ်သံမိန့်ခွန်းမှာ ပြောပါတယ်။
ဆက်လက်ပြီး သူက “ရုရှားအစိုးရဟာ အစီအစဉ်အတိုင်းပဲ ဆက်လုပ်နေတယ်လို့ သူတို့နိုင်ငံကို လိမ်ညာပြီး သရုပ်ပြနေတယ်။ သူတို့ဟာ ခံစားချက်တွေကို စုစည်းဖို့ လိုနေပါတယ်။ ကျွန်ုပ်တို့ရဲ့ တာဝန်က ယူကရိန်းမှာ အောင်မြင်မှုတွေ၊ စွမ်းဆောင်နိုင်မှုတွေ အမြဲရနေဖို့ပဲ။ အောင်မြင်မှုတွေက သေးရင် သေးပါစေ၊ အကြမ်းဖက်သမားတွေနဲ့ ထိတ်လန့်ကြောက်ရွံ့တဲ့ပေါ် နေ့စဉ်နေ့တိုင်း အောင်ပွဲတွေ ရနေရမယ်။ ပစ်ချလိုက်တဲ့ ဒရုန်းတစီးချင်း၊ ဒုံးကျည်တစင်းချင်း၊ ပြည်သူတွေ တရက်ချင်းရနေတဲ့ လျှပ်စစ်မီးနဲ့ အချိန်နဲ့ မီးပေးရတဲ့ အနိမ့်ဆုံးအဆင့်၊ ဒါတွေအားလုံးဟာ အောင်ပွဲစစ်တွေပဲ။ ရှေ့တန်းက စစ်သည်တွေရဲ့ ခြေတလှမ်းတိုင်း၊ ထိန်းလိုက်နိုင်တဲ့ တပ်စခန်းတိုင်း ဒီအောင်မြင်မှုတွေဟာ အခုချိန်မှာ ဗျူဟာမြောက် အရေးပါနေတယ်” လို့ ပြောပါတယ်။
အခု ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ ဒီဆောင်းရာသီကုန်ရင် ပိုအဆင်ပြေအောင် ခံနိုင်ရည်ရှိဖို့ လိုတယ်၊ ယူကရိန်းဟာ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်တွေသာမက တခြားအရာတွေ အားလုံးပါ မအောင်မြင်စေဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း သမ္မတ ဇလန်းစကီးက ပြောကြားခဲ့ပါတယ်။